
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဒီဇင်ဘာ ၁၈ ရက်
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်ရေဖြူမြို့နယ်၊ ကံပေါက်ဒေသရှိ အမျိုးသမီးတစ်ဦးကို ယနေ့ ဒီဇင်ဘာ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ဖမ်းဆီးခံသူမှာ မဂ္ဂင်ရပ်ကွက်တွင် နေထိုင်သည့် အသက် ၃၈ နှစ်အရွယ် ဒေါ်သဲစုမိုး ဖြစ်ပြီး ယနေ့နံနက် ၁နာရီ၃၀မိနစ်တွင် မောရဝတီရေတပ်မှ ကား နှစ်စီးဖြင့် အဆိုပါ အမျိုးသမီး၏နေအိမ်တွင် လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။
“ည သန်းခေါင်ယံ ၁နာရီခွဲလောက်မှာ ကား နှစ် စီးနဲ့ ရောက်လာပြီးသူ့အိမ် မှာပဲ လာဖမ်းသွားတယ်။ အင်အား က နှစ်ဆယ်လောက်ရှိတယ်။ ဖုန်းတစ်လုံးပါယူသွားတယ်။ စစ်ဆေးမေးမြန်းစရာ ရှိတယ်။ ခဏလိုက်ခဲ့ပေးပါလို့ ပြောပြီး ကားပေါ်ကို တင်သွားတယ်” ဟု ဖမ်းဆီ;ခံရသူ၏မိသားစုနှင့် နီးစပ်သည့် ကံပေါက်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်သည် ဒေါ်သဲစုမိုး ကို ဖမ်းဆီးခြင်းမပြုခင် လှည်းကုန်း အမှတ် (၁) ရပ်ကွက်ရှိ နေအိမ်တစ်ခုသို့ ဝိုင်း၍ အဆိုပါအိမ်မှ ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးကို ခေါယူပြီး ဒေါ်သဲစုမိုး၏ နေအိမ်အား လိုက်ပြခိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံရသူ ဒေါ်သဲစုမိုးသည် နိုင်ငံရေးနှင့်ပတ်သက်ဆက်နွယ်ခြင်း မရှိဘဲ နေအိမ်တွင် စျေးဆိုင်ရောင်းချခြင်း အလုပ်ကိုသာလုပ်ကိုင်နေသူဖြစ်ပြီး မည်သည့်အတွက်ကြောင့် ဖမ်းဆီးခြင်းဖြစ်သည်ကိုမူ သိရှိရခြင်းမရှိသေးပေ။
လက်ရှိတွင် ဖမ်းဆီးခံထားရသည့် ဒေါ်သဲစုမိုးကို အုန်းပင်ကွင်းရွာအခြေစိုက် မောရဝတီ ရေတပ်စခန်းဌာနချုပ်တွင် ဖမ်းဆီး စစ်ဆေးနေကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီ၏ မောရဝတီရေတပ်သည် ကံပေါက်ဒေသတွင် ပစ်ခတ်မှုနှင့် ပေါက်ကွဲမှု ဖြစ်စဥ်များဖြစ်ပွားတိုင်း ကံပေါက်ဒေသခံပြည်သူများကို ဖမ်းဆီးစစ်ဆေးမှုများ အမြဲ ပြုလုပ်လျှက်ရှိကြောင်းသိရသည်။
ပုံစာ- ဖမ်းဆီးခံရသူ ဒေါ်သဲစုမိုး
#စစ်ကောင်စီ #မောရ၀တီရေတပ် #ကံပေါက်ဒေသခံအမျိုးသမီးတစ်ဦး #ဖမ်းဆီး #Ayeyarwaddy_Times