
ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဒီဇင်ဘာ ၁၇ ရက်)
လူတိုင်း ရှင်သန်လှုပ်ရှား သွားလာနေကြပေမယ့် အားလုံးက ကိုယ်ကျန်းမာ စိတ်ကျန်းမာ နဲ့ လှုပ်ရှားနေကြတာ မဟုတ်ကြပါဘူး။ တော်လှန်ရေးကြောင့် မိသားစုနဲ့ဝေးနေရသူတွေ၊ ဆန္ဒပြပွဲတွေမှာအကြမ်းဖက် ဖမ်းဆီးနှိပ်စက်ခံရသူတွေ၊ အကြမ်းဖက်စစ်ကောင်စီရဲ့ ငရဲခန်းတွေဖြစ်တဲ့ စစ်ကြောရေးတွေထောင်တွေမှာ ဖမ်းဆီးခံထားရသူတွေ ၊ တိုက်ပွဲ အတွင်းမှာ စစ်လက်နက်ထိမှန်ပြီး ကိုယ်လက်အင်္ဂါထိခိုက်ထားသူတွေ ၊ အခြားအခြား သောအရာတွေ စသည်ဖြင့် ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေပေါ်မှာ မူတည်ပြီး စိတ်ထိခိုက်မှုတွေ ရှိနေတတ်ကြပါတယ်။
ပြီးဆုံးသွားပြီဖြစ်တဲ့ အတိတ်ကာလကို ပြန်ပြင်ပြီးယူလို့ မရနိုင်တာမို့ လက်ရှိအချိန်ကို အကောင်းဆုံးရှင်သန်နိုင်ပါတယ်။ ဒါကြောင့် စိတ်ကျန်းမာဖို့အတွက် နည်းလမ်းအချို့ကို မျှဝေပေးထားပြီး လိုက်နာကျင့်သုံး အသုံးချနိုင်မယ်လို့ မျှော်လင့်ပါတယ်။
#အတိတ်ဆိုးကြောင့်ခံစားရတဲ့စိတ်ထိခိုက်ခြင်းဝေဒနာ(Post-traumatic stress disorder , PTSD)
ကြီးမားတဲ့ အဖြစ်ပျက်ဆိုးတွေကို ကိုယ်တိုင်ကြုံတွေ့ခံစားခဲ့ရတာဖြစ်ဖြစ် ကိုယ့်မျက်စိ ရှေ့မှာ မြင်တွေ့ခဲ့ရတာဖြစ်ဖြစ် ကိုယ့်ရဲ့အတွေးထဲကိုနေ့စဉ်ရက်ဆက် အိပ်မက်ဆိုးတွေ၊ စိုးရိမ်စိတ်တွေ၊ ထိတ်လန့်ခြင်းတွေအဖြစ်နဲ့ ပြန်လာခဲ့ရင်တော့ Post-traumatic stress disorder , PTSD ခံစားနေရပြီလို့ သတ်မှတ်နိုင်ပါတယ်။
ဆန္ဒပြပွဲတွေ၊ အကြမ်းဖက်ဖြိုခွဲ အသေသတ်တာတွေကို မျက်စိရှေ့မှာတင် မြင်ခဲ့ရသူတွေ၊ ကိုယ့်ရဲ့မိသားစုကိုစစ်ကောင်ဆီက လာရောက်ဖမ်းဆီးတာကို မျက်မြင်ကြုံခဲ့ရသူတွေ၊ နေထိုင်ရာအိမ်၊ ကျောင်း၊ ကျေးရွာတွေနဲ့ မြို့တွေ ဖျက်ဆီးခံရတာကို ကိုယ်တွေ့ကြုံခဲ့ရသူတွေ ၊ တိုက်ပွဲထဲမှာ စစ်အတူတူ တိုက်နေတဲ့ သူငယ်ချင်း ကျဆုံး သွားတာကို မြင်ခဲ့ရတာတွေ စတဲ့ အခြေအနေ အကြောင်းအရာမျိုးတွေဟာ ဦးနှောက်ထဲမှာ မြဲနေအောင် မှတ်မိသွားတတ်ပါတယ်။
အဲ့ဒီလို မြင်နေ မှတ်မိနေတဲ့ မှတ်ဉာဏ်တွေကပဲ ကိုယ့်ကို အမြဲမပြတ် စိုးရိမ် ပူပန်နေစေပြီး အိပ်မရအောင် ထိတ်လန့်နေစေပြီဆိုပါက ကုသဖြေရှင်းဖို့ လိုနေပါပြီ။
ထောင်ကျခံခဲ့ရသူတွေ၊ စစ်ကြောင့်ဘဝပျက်ရသူတွေ၊ အနှိပ်စက်ခံရသူတွေ၊ မုဒိမ်းကျင့် ခံရသူတွေ၊ ခွဲခြားဆက်ဆံခံရသူတွေနဲ့ ငယ်ရွယ်စဉ် မိစုံဖစုံမနေရသူတွေမှာ တွေ့ရတတ် ပါတယ်။ အမျိုးသမီးနှင့် ဆယ်ကျော်သက် လူငယ်တွေ ပိုပြီးဖြစ်တတ်ပါတယ်။
အိပ်မပျော်နိုင်ပါ။ အာရုံစူးစိုက်လို့မရဘဲ စိတ်တွေလွင့်နေပါမယ်။ ဒေါသဖြစ်လွယ်ပါမယ်။ စိတ်ဆိုးလွယ်ပါမယ်။ အကြောင်းမယ်မယ်ရရ မရှိဘဲစိတ်တိုနေတတ်ပါတယ်။ ပြင်းပြင်း ထန်ထန်တုံ့ပြန်နေမိတတ်ပါတယ်။ တစ်ယောက်တည်းနေပြီး အမြဲအထီးကျန် နေကြပါတယ်။ တစ်ယောက်ယောက်နဲ့ စကားပြောရင်တောင် ကိုယ်ထိခိုက်ခဲ့တဲ့ အကြောင်း အရာတွေကိုအစ မဖော်ချင်ကြတော့ပါဘူး။ ကိုယ့်ရဲ့အတွေးထဲမှာ၊ မှတ်ဉာဏ်ထဲမှာ၊ အိပ်မက်တွေထဲမှာတော့ အမြဲတမ်းရှိနေပါတယ်။ စိတ်ဓာတ်ကျတာ စိတ်ပူပန်လွယ်တာ အယုံမလွယ်တော့တာ စိုးရိမ်စိတ်များတာတွေအပြင် စိတ်ခံစားချက်မရှိတော့ဘဲ ထုံထုံထိုင်းထိုင်ကြီးဖြစ်သွားတာတွေလည်း ကြုံနေရတတ်ပါတယ်။
ဒီလို အကြောင်းအရာတွေ ကြုံနေပြီဆို စနစ်တကျကုသဖို့လိုပါတယ်။ မကုသဘဲ ထားပါက မိမိကိုယ်ကို အဆုံးစီရင်ခြင်း၊ အရက်စွဲလမ်းခြင်း၊ မူးယစ်ဆေးသုံးစွဲမိခြင်း တွေအထိ လမ်းလွဲသွားနိုင်ပါတယ်။ နောက်ထပ်အခြားစိတ်ရောဂါတွေဖြစ်တဲ့ စိုးရိမ်စိတ်လွန်ကဲခြင်း (anxiety)၊ စိတ်ကျရောဂါ (depression ) တွေနဲ့ပါယှဉ်တွဲပြီးဖြစ်လာနိုင်ပါတယ်။
စိတ်ကျန်းမာရေးဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးရပါမယ်။ စိတ်ပညာကိုနားလည်ထားသူ၊ စိတ်ပိုင်းဆိုင်ရာ အကြံပေးဆွေးနွေးနိုင်သူတွေနဲ့ စကားပြောခြင်း၊ မိသားစုဝင်တွေ မိတ်ဆွေသူငယ်ချင်းတွေ နဲ့ လူမှုဘဝကို ပြန်လည်တည်ဆောက်ခြင်း၊ ပန်းချီ၊ ဂီတ အနုပညာတစ်ခုခုနဲ့ ပြန်လည်ကုစားခြင်း၊ ယောဂ၊ ထိုက်ချိ၊ ဇွန်းဘား တို့လို လှုပ်ရှားမှု များလုပ်ခြင်း၊ အားကစားကို တစိုက်မတ်မတ်လုပ်ခြင်း။ ဘာသာရေး အကူအညီရယူပြီး တရားထိုင် အဓိဌာန်ဝင်ခြင်း၊ လူမှုရေးဆိုင်ရာ စေတနာ့ဝန်ထမ်းလုပ်ခြင်းတွေက စိတ်ကို ပြန်လည်ကျန်းမာစေတဲ့ ကုထုံးတွေပဲ ဖြစ်ပါတယ်။
ကျွန်တော်ကိုယ်တိုင် ကြုံတွေ့ခံစားခဲ့ရတဲ့ စိတ်အခြေအနေ ပြန်လည် အဆင်ပြေလာဖို့ အတွက် လုပ်ခဲ့ရတာလေးတွေကို မျှဝေပေးချင်ပါတယ်။
#သတိပဌာန်(Mindfulness)
ပြောင်းလဲနေတဲ့စိတ်ကို သဘောပေါက်ဖို့လေ့ကျင့်ပါတယ်။ အခု ဖြစ်နေတဲ့စိတ်က “စိုးရိမ်နေတာ” “ဒေါသထွက်နေတာ” “ကြောက်နေတာ” “ဆာလောင်နေတာ” “စိတ်ပူနေတာ” ဆိုပြီး တက်လိုက် ကျလိုက်ဖြစ်နေတဲ့ ကိုယ့်စိတ်ကို သေသေချာချာ အာရုံစိုက်ပြီး ခွဲခြားလိုက်ပါတယ်။ တည်ငြိမ်ဖို့ကြိုးစားရပါတယ်။
ကိုယ့်ရဲ့ စိတ်အနေအထားကိုမူတည်ပြီး စိတ်ကိုငြိမ်စေမယ့် သီချင်းလေးတွေ ရွေးပြီးတော့ နားထောင်ပါတယ်။ တေးဂီတသံတွေကိုလည်း နားထောင်ပါတယ်။ စန္ဒရားတေးသံ၊ ဂီတသံ၊ ရေစီးသံလေးတွေကို နားထောင်ပါတယ်။ တူရိယာတစ်ခုခု တီးခတ်တာ သင်ယူခြင်း ကလည်း စိတ်ကျန်းမာရေးကို အထောက်အကူပြုပါတယ်။
အားကစားတွေ လုပ်ဖြစ်ပါတယ်။ လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ အေရိုးဗစ်ကစားခြင်း၊ ဝိတ်မခြင်း၊ ရေကူးခြင်း၊ ကြက်တောင်ရိုက်ခြင်း၊ ပင်ပေါင်ရိုက်ခြင်း၊ ဘောလုံးကန်ခြင်း၊ ဘော်လီဘောပုတ်ခြင်း၊ ပိုက်ကျော်ခြင်းခတ်ခြင်း၊ ကရာတေး၊ တိုက်ကွမ်ဒို၊ ဂျူဒို ဆော့ခြင်း၊ တောင်တက်ခြင်း စတဲ့ စိတ်ပါရာ ကိုယ်နဲ့ အဆင်ပြေရာ အားကစားတွေကို အချိန်ပေး လုပ်ရပါမယ်။
အဲ့ဒါတွေအပြင် စာဖတ်ခြင်း နှင့် အိမ်တွင်းမှုဝါသနာတွေနဲ့လည်း ကုစားနိုင်ပါတယ်။ ရသ သုတ စာပေဖတ်ခြင်း၊ ပန်းချီဆွဲခြင်း၊ အပင်စိုက်ခြင်း၊ အခန်းရှင်းခြင်း၊ သိုးမွှေးထိုးခြင်း၊ စက္ကူခေါက်ခြင်း၊ ဟင်းချက်ခြင်း၊ အချိန်ပေးပြီးရေချိုးခြင်း၊ အိမ်မွေးတိရိစ္ဆာန်မွေးခြင်း၊ ခွေးကျောင်းခြင်း တို့နဲ့လည်း စိတ်အခြေအနေ သက်သာစေနိုင်ပါတယ်။
မိသားစုဝင်များ သူငယ်ချင်းများကို ဖုန်းခေါ်ခြင်း၊ စကားပြောခြင်း၊ ရင်ဖွင့်ခြင်း တွေကလည်း စိတ်ဒဏ်ရာတွေကို သက်သာစေတယ်လို့ ဆိုနိုင်ပါတယ်။
#စိတ်ထိခိုက်ခံထားရသူတွေကိုဘယ်လိုကူညီနိုင်သလဲ
ပစ်ပယ်ထားတာမျိုး မလုပ်ဘဲ နားလည်မှုပေးပါ။ လူတိုင်း စိတ်ထိခိုက်မှုဖြစ်နိုင်တယ် ဆိုတာကိုနားလည်ထားပြီးတော့ လူတွေထဲကလူလိုပဲ ဆက်ဆံပေးပါ။ စိတ်ထိခိုက်ထား သူတွေကို ခွဲခြားဆက်ဆံနေတယ်လို့ မခံစားရအောင် အချိန်ပေးပြီးဂရုစိုက်ပေးပါ။ တတ်စွမ်းသမျှ ကူညီပါ။ စကားပြောပေးပါ။
လူအချင်းချင်း စာနာစိတ်လေးထားပြီး အခက်ခဲအများကြီးရှိနေတဲ့ ကြားကနေ စာနာ ကူညီ စောင့်ရှောက်ပေးကြပါ လို့ တိုက်တွန်းချင်ပါတယ်။
နောက်တပတ်မှာတော့ အမျိုးသမီးမီးယပ်ရောဂါ တစ်ခုဖြစ်တဲ့ အဖြူဆင်းခြင်း ကျန်းမာရေးဆောင်းပါးကို ဖော်ပြပေးပါမယ်။ စောင့်မျှော်အားပေးဖတ်ရှုနေကြသူ AyeyarwaddyTimes ပရိသတ်များအားလုံးလည်း ဘေးကင်းကျန်းမာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #အတိတ်ဆိုးကြောင့်ခံစားနေရတဲ့စိတ်ထိခိုက်ခြင်းဝေဒနာ #ဆောင်းပါး #Ayeyarwaddy_Times
(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)