ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၇ ရက်

ကျောင်းကုန်းမြို့နယ်တွင် အသက်အရွယ်ကြီးသူများ ရောင်းချနေသော ဆီဆိုင်အသေး သုံးဆိုင်အား လိုင်စင်မဲ့ဟုဆိုကာ ရေနံနှင့် ရေနံထွက်ပစ္စည်းများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း ကျောင်းကုန်းမြို့ခံများထံမှ သိရသည်။

ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်တွင် ဒီဇင်ဘာ ၁၁ ရက် နှင့် ဒီဇင်ဘာ ၁၅ ရက်တို့တွင် ဆီပန့်အသေးဖြင့် ရောင်းချသော အသက် ၇၀ ကျော်အမျိုးသား တစ်ဦး ၊ အသက် ၅၀ ကျော်အမျိုးသားတစ်ဦးနှင့် အသက် ၅၀ ကျော် အမျိုးသမီးတစ်ဦးအား လိုင်စင်မဲ့ စက်သုံးဆီရောင်းချသည်ဟုဆိုကာ ကျောင်းကုန်းမြို့နယ် ရဲစခန်းမှ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“သူတို့က ဆီဆိုင်တွေကို လိုင်စင်မရှိလို့ဆိုပြီးဖမ်းတာ။ ဒီနယ်မှာ ဒီလိုရောင်းတဲ့ဆိုင်တွေမှအများကြီးပဲ ။ကျောင်းကုန်းမြို့ပေါ်မှာ လိုင်စင်ရဆိုင်ကြီးတွေက ဆီကို လိုသလောက် ရောင်းပေးနိုင်လို့လား။ တစ်စီးကို ၂၀၀၀ ဖိုးလောက်ရောင်းပေးပြီး ဆီနည်းတယ်လုပ်နေတယ်။ အသုံးလိုတဲ့သူတွေကတော့ ၄၀၀၀ ဖြစ်လည်းဝယ်ရမှာပဲ ဝယ်လို့ရတာပဲ ကျေးဇူတင်ရမှာ သူတို့သာလိုအပ်သလောက်ရောင်းပေးရင် စျေးတင်စရာလည်းမရှိဘူး အခုက သတိပေးတာမဟုတ်ပဲ ပြည်သူကို နှိပ်စက်နေတာ “ဟု ကျောင်းကုန်းမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဒီဇင်ဘာလအတွင် စက်သုံးဆီပြတ်လပ်မှုမှာ ပိုမိုဆိုးရွာလာခဲ့ပြီး စစ်ကောင်စီမှ ဒေသတွင်း သုံးစွဲမှု ပြည့်မှီအောင်ဆောင်ရွက်ပေးနိုင်ခြင်းမရှိသည့်အပြင် မြို့နယ်များတွင် ရောင်းချသော ဆီဆိုင်ငယ်များကိုပါ ဝင်ရောက်စစ်ဆေးနေပြီး ဆီများထားရှိပါက သတိပေးခြင်းနှင့် ဖမ်းဆီအရေးယူခြင်းများ ဆောင်ရွက်နေသဖြင့် ဆီဆိုင်ငယ်များတွင်ပါ စက်သုံးဆီ ဝယ်မရတော့ကြောင်း ဒေသခံများထံမှ သိရသည်။

“အချို့မြို့နယ်တွေမှာတော့ ရဲတွေလိုက်စစ်တယ်ရွာဘက်က ဆိုင်တွေကို သတိပေးတာတွေလုပ်တယ် ဆီပေပါတွေ လှောင်မထားဖို့ အခုကျတော့ဖမ်းတဲ့အထိလုပ်လာပြီ အိမ်မဲတို့ ရွာသစ်တို့ မှာလည်း ဆီပန့်ဆိုင်တွေအများကြီးပဲကျောင်းကုန်းမှာလည်းအများကြီး ဒါတွေကို လိုင်စင်စစ်ပြီး ဖမ်းကြည့်လိုက် မြို့နယ်အတွင်းဆီဘယ်လ်ိုရမလည်း အဝေးကလူတွေက ဆီမရရင်လမ်းလျှောက်ရမှာလား သူတို့ဖမ်းပြီးသိမ်းတဲ့ဆီတွေကရော ရုံကိုသက်သေခံတင်မှာလား တွေးကြည့် လူထုကိုဒုက္ခပေးနေတာအသိသာကြိီးပဲ “ဟု ကျောင်းကုန်းမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

ကျောင်းကုန်းမြို့နယ် ဆီဆိုင် အသေး သုံးဆိုင်အား ဖမ်းဆီးရာတွင် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းခဲ့ပြီး (ပ)၁၇၂/၂၀၂၃၊ ရေနံနှင့်ရေနံထွက်ပစ္စည်းများဆိုင်ရာဥပဒေပုဒ်မ ၃၇ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ဓာတ်ပုံ-လူမှုကွန်ရက်
#ကျောင်းကုန်းမြို့နယ် #ဆီဆိုင်၃ဆိုင်အားလိုင်စင် #ရေနံ #ရေနံထွက် #Ayeyarwaddy_Times-