ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၇ ရက်

ဧရာဝတီတိုင်းအတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများကို ရွေးကောက်ပွဲအကြောင်းနှင့် စိတ်ဓာတ်မြှင့်တင်ရန် စစ်ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်ကို ရက်ရှည်စေလွှတ်ထားကြောင်း တိုင်းစစ်ကောင်စီသတင်းအရင်းအမြစ်ထံက သိရသည်။

ဧရာဝတီတိုင်းရှိ ပုသိမ်၊ကန်ကြီးထောင့်၊ပန်းတနော်၊ကျုံပျော် စသည့်မြို့နယ်များတွင် ဒီဇင်ဘာလ ၁၅ ရက်နေ့မှ ဒီဇင်ဘာလ၂၂ရက်‌နေ့အထိ စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းများကို စိတ်ဓာတ်မြင့်တင်ရေးနှင့် စည်ရုံးရေး လုပ်ဆောင်ရန်အတွက် စစ်ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စေလွှတ်ထားခြင်းဖြစ်သည်။ အလားတူ အခြားတိုင်းနှင့် ပြည်နယ်များသို့လည်း စစ်ကောင်စီအဖွဲ့ဝင်အရပ်သားများကို စေလွှတ်ထားကြောင်းသိရသည်။

“ ၁၅ ရက်နေ့ထဲက အဖွဲ့ဝင်မန်းငြိမ်းမောင်ရောက်နေတယ်။ပန်းတနော်ကိုအရင်စည်းရုံးရေးဆင်းတယ်။ ပုသိမ်ကိုမနေ့ကလမ်းလျှောက်ပွဲဝင်လျှောက်သွားတယ်။အခုကျုံပျော်ဘက်ကိုသွားဖို့လုပ်နေတာ။နေပြည်တော်ကနေလျို့ဝှက်ညွှန်ကြားချက်နဲ့တစ်တိုင်းလုံးက ဌာနဆိုင်ရာတွေကို စိတ်ဓာတ်မြင့်တင်ရေးနဲ့ စည်းရုံးရေးလာဆင်းတာလို့သိရတယ်”ဟု တိုင်းစစ်ကောင်စီ သတင်းအရင်းအမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့အပြင် ဧရာဝတီတိုင်းအတွင်းရှိ ဒေသခံကရင်တိုင်းရင်းသားများကို တွေ့ဆုံရန် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များမှ တစ်ဆင့် ခြိမ်းခြောက်ခေါ်ယူမှုများရှိခဲ့ကာ စစ်ကောင်စီမှပြုလုပ်မည့် ရွေးကောက်ပွဲအကြောင်းနှင့် တိုင်းရင်းသားစည်လုံးညီညွတ်ရေး အကြောင်းများကို စည်းရုံးပြောဆိုသွားခဲ့ကြောင်း အစည်းအဝေးတက်ရောက်ခဲ့သည့် ဒေသခံကရင်စာပေယဉ်ကျေးမှု အဖွဲ့များထံကသိရသည်။

“ဒေသခံတွေကို စစ်ကောင်စီက လုပ်မယ့်ရွေးကောက်ပွဲအကြောင်းရယ် တိုင်းရင်းသားတွေစည်းလုံးညီညွတ်ကြဖို့ အကြောင်းတွေပြောသွားတယ်။ စစ်ကောင်စီက အာဏာထိန်းတာ အာဏာသိမ်းတာမဟုတ်ဘူးဆိုတာလည်းပြောတယ်။အစည်းအဝေးတက်ခိုင်းတာတောင် မလာမနေရပုံစံနဲ့ ခြိမ်းခြောက်တက်ခိုင်းတာ။ မတက်တဲ့သူတွေကို နာမည်စာရင်းယူထားတာတွေတော့ရှိတယ်”ဟု ပန်းတနော်မြို့နယ်မှ ပိုးကရင်တိုင်းရင်းသားတစ်ဦးကဆိုသည်။

ဧရာဝတီတိုင်း၌ ဒေသခံ ကရင်လူမျိုးစု အများအပြားနေထိုင်သည့် တိုင်းဖြစ်သောကြောင့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်မှ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံကရင်တိုင်းရင်းသားများကို စည်းရုံးရန်အတွက် မန်းငြိမ်းမောင်ကို အသုံးပြုနေခြင်းဖြစ်ကြောင်း ဒေသခံပြည်သူများက သုံးသပ်ပြောဆိုကြသည်။

#ဧရာဝတီတိုင်း##ရွေးကောက်ပွဲ#စစ်ကောင်စီ#မန်းငြိမ်းမောင်#

#Ayeyarwaddy _Times