
ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာ ၁၆ ရက်
စစ်ကောင်စီတပ်က အင်အားလိုအပ်ချက်ကြောင့် ဖမ်းဆီးထားသည့် တပ်ပြေးနှင့် ပြစ်ဒဏ်ကျစစ်သားများကို ထောင်မှထုတ်၍ စစ်မှုထမ်းခိုင်းရာ ထပ်မံထွက်ပြေးသဖြင့် ပြန်လည်ဖမ်းဆီးနေရကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် စစ်မှုမထမ်းလို၍ စစ်တပ်မှ ထွက်ပြေးတိမ်းရှောင်မှုဖြင့် ဖမ်းဆီးခံ ထားရသူများ၊ ခွင့်မဲ့တပ်ပြေးများ၊ အခြားပြစ်ဒဏ်ကျစစ်သားများကို ရှေ့တန်းသို့ စေလွှတ်ရန်အတွက် တိုင်းနှင့်ပြည်နယ် အသီးသီးမှ ထောင်ကျစစ်သားများကို လက်မှတ်ထိုး ခေါ်ထုတ်၍ တပ်နယ်များတွင်ထားရှိစဉ် ထပ်မံထွက်ပြေးသဖြင့် အကျဉ်း ထောင်သို့ပြန်လည်ပို့ဆောင်နေရကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။
“တပ်ထဲမနေချင်လို့ပြေးပါတယ်ဆိုတဲ့သူကို ပြန်ထုတ်တော့ ငိုတဲ့သူကငို၊ ငြင်းသူငြင်းနဲ့။ တချို့ ရဲဘက်ရောက်နေ သူတွေဆို တရား၀င် ညွှန်ကြားစာမရောက်ခင် သတင်းသဲ့သဲ့ကြားထဲက ပြေးကြရော။ ခုလည်း ထပ်ပြေးလို့ ထောင်ကိုပြန်ပို့နေရတယ်”ဟု ပြည်ထဲရေးနှင့်နီးစပ်သည့် တပ်တွင်းသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်သည် စစ်သားအင်အားစုဆောင်းရန်အတွက် ကျိုင်းတုံထောင်မှ တပ်ပြေး၊ ရဲပြေးများကို ရာနှင့်ချီ၍ထုတ်လာပြီးနောက် ရှေ့တန်းသို့စေ လွှတ်ခြင်းမပြုခင် သက်ဆိုင်ရာတပ်ထဲ၌ ထားရှိစဉ် ယင်းအကျဉ်းသားများ ဆယ်နှင့်ချီ၍ ထပ်မံထွက်ပြေး သွားကြောင်း သိရသည်။
ထို့အပြင် ထား၀ယ်အကျဉ်းထောင်မှ အကျဉ်းသား ကိုး ဦသည်လည်း ထောင်မှ ထုတ်လာပြီး ထွက်ပြေးသဖြင့်ဖမ်းဆီးကာ အဆိုပါအကျဉ်းထောင်သို့ ပြန်လည် ပို့ဆောင်ခဲ့ရကြောင်း သိရသည်။
တပ်အင်အားလျော့နည်းနေသည့် စစ်ကောင်စီတပ်သည် စစ်အင်အားဖြည့်တင်းရန် ထောင်ကျနေသည့် စစ်သားဟောင်းများ၊ ခွင့်မဲ့ဖြင့် တပ်ပြေးစစ်သားများကို ခံ၀န်လက်မှတ် ရေးထိုးခိုင်း၍ တပ်အတွင်းပြန်လည်းခေါ်ယူထားစဉ် ယခုကဲ့သို့ ထပ်မံ ထွက်ပြေးမှုများလုပ်ဆောင်နေခြင်းဖြစ်သည်။
ခွင့်မဲ့ဖြင့် စစ်ပြေးနေသည့် တပ်မတော်သားများသည် တာ၀န်ပြန်ထမ်းဆောင်ရန် တောင်းဆိုလာသည့် အတွက် ခွင့်မဲ့/စစ်ပြေး စစ်သည်များနှင့် သာမန်ပြစ်မှု ကျူးလွန်သူများအနေနှင့် ပြန်လည်တာ၀န်ထမ်းဆောင်မည်ဆိုပါက လက်ခံပေးသွား မည်ဟု ဒီဇင်ဘာ ၃ ရက်နေ့တွင် စစ်ကောင်စီက ထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။
စစ်ကောင်စီက ထိုသို့ထုတ်ပြန်ပြီးနောက် အကျဉ်းထောင်သို့ လာရောက်၍ လက်မှတ်ထိုး ခေါ်ထုတ်စဉ် ငြင်းဆိုမှုများ၊ သဘောမတူညီမှုများရှိသော်လည်း လက်မှတ်ရေးထိုး စာရင်းသွင်းပြီးဖြစ်ကြောင်း ပြောဆို၍ အဓမ္မခေါ်ဆောင်ခဲ့ကြောင်းသိရသည်။
ပုံစာ-ချင်းပြည်နယ် ရိဒ်ခေါဒါရ်မြို့ စစ်စခန်းမှ အိန္ဒိယသို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများကိုတွေ့ရစဉ် (ပုံဟောင်း)
#စစ်ကောင်စီ #ခွင့်မဲ့တပ်ပြေး #ပြစ်ဒဏ်ကျစစ်သားဟောင်း #အကျဉ်းထောင်မှခေါ်ထုတ် #ထပ်မံထွက်ပြေး #ပြန်လည်ဖမ်းဆီး #Ayeyarwaddy_Times