ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၇ ရက်

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်တွင် ဒေသခံများစက်သုံးဆီများဝယ်ရန်အတွက် BOC စက်သုံးဆီဆိုင် တစ်ဆိုင်တည်းသာ အကန့်အသတ်ဖြင့် ဝယ်ယူရန် မြို့နယ်စစ်ကောင်စီမှ သတ်မှတ်ထားသောကြောင့် ဒေသခံများ အခက်ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။

ညောင်တုန်းမြို့နယ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ၁၂ ရက်နေ့ကစပြီး ဒေသခံများအနေဖြင့် စက်သုံးဆီဝယ်ယူလိုပါက စစ်ကောင်စီနှင့် အကျိုးတူလုပ်ကိုင်နေသည့် BOC စက်သုံးဆီ ဆိုင်တွင်သာ အကန့်အသတ်ဖြင့် ရောင်းချခွင့်ပေးထားပြီး အခြားစက်သုံးဆီဆိုင်များကို ရောင်းချခွင့် ပိတ်ပင်ထားကြောင်း မ စက်သုံးဆီဆိုင်ရှင်အသိုင်းအဝန်းထံက သိရသည်။

“တမြို့နယ်လုံးစက်သုံးဆီရောင်းခွင့်အတွက် BOC ဆိုင်ကိုပဲ ဆီရောင်းခွင့်ပေးထားတယ်။ မြို့နယ်ထွေအုပ်နဲ့ပေါင်းပြီးလုပ်စားနေတဲ့ဆိုင်ဆိုတော့ အဲဒီကိုပဲ ဆီပို့ပေးနေတာ။ မြို့ထဲမှာလာထည့်နေရတာဆိုတော့ အဆင်မေပြေဘူးပေါ့။ အခြားဆီဆိုင်တွေ အကုန်ဆီပြတ်နေလို့ ပိတ်ထားရတယ်”ဟု မြို့ခံစက်သုံးဆီဆိုင်ရှင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့အပြင် BOCစက်သုံးဆီဆိုင်သည် စက်သုံးဆီရောင်းချရာတွင် ၉၂အမျိုးအစား သာရရှိပြီး ကားတစ်စီးလျှင်ဆီ တစ်သောင်းကျပ်ဖိုးနှင့် ဆိုင်ကယ်တစီးလျှင် ၂၀၀၀ ကျပ်ဖိုးသာရောင်းချပြီး အခြား ၉၅ အမျိုးအစား ဓာတ်ဆီနှင့် ဒီဇယ်များမရရှိမှုကြောင့် ဒေသခံများသွားလာရန်နှင့် ဆောင်းသီးနှံများ စိုက်ပျိုးရိတ်သိမ်းရန် အခက်အခဲကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။

“ ဆီကတဆိုင်ထဲကို အကန့်အသတ်နဲ့ရောင်းတော့ဘယ်လိုမှအဆင်မပြေဘူး။နောက်ပြီး၉၂ ပဲ ရတယ်။ ၉၅ တို့ဒီဇယ်တို့မရဘူး။ အဲတော့၉၅ထည့်သုံးနေရတဲ့ဆိုင်ကယ်တွေဒုက္ခရောက်ကုန်တာပေါ့။ အခုမှ ဆောင်းသီးနှံစိုက်ဖို့အတွက် ဒုက္ခရောက်ကုန်တယ်”ဟု တာကွေ့ကျေးရွာ ဒေသခံတောင်သူတစ်ဦးကဆိုသည်။

ညောင်တုန်းမြို့နယ်တွင် ပြီးခဲ့သည့်ဒီဇင်ဘာလ ဒုတိယအပတ်ကစပြီး ဒေသခံတောင်သူများ အနေဖြင့် သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ထံ ထောက်ခံစာပြုလုပ်မှသာ စက်သုံးဆီ ဝယ်ယူခွင့် ပြုထားကြောင်းသိရသည်။

#ညောင်တုန်းမြို့နယ် #BOC #စက်သုံးဆီဆိုင် #ဓာတ်ဆီအကန့်အသတ်ဖြင့်ရောင်းချ #မြို့နယ်စစ်ကောင်စီ #Ayeyarwaddy_Times