ဧရာဝတီတိုင်းမ်
(ခမ်းပါတ်)၊ ဒီဇင်ဘာ ၁၆ ရက်

စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပါတ်မြို့ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ ယနေ့ ဒီဇင်ဘာ ၁၆ ရက်နေ့ နံနက်အစောပိုင်းတွင် တပ်ပျက်၍ ဆုတ်ခွာထွက်ပြေးသွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားသည့် ခမ်းပါတ်မြို့ကို စစ်ကောင်စီက အင်အား ၂၀၀ ဝန်းကျင်ပါ စစ်ကြောင်းဖြင့် စစ်ကြောင်းထိုးလာပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီက ဆုတ်ခွာသွားပြီးနော် တော်လှန်ရေးအဖွဲ့များက နယ်မြေရှင်းလင်းရေးလုပ်ရာ စစ်ကောင်စီအရာရှိ တစ်ဦးအပါအဝင် အလောင်း ၁၀ လောင်းကျော်ကို တွေ့ရှိထားပြီး လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းများမှာ MA-10 RPG 7 တစ်လက်၊ MG-3 တစ်လက်၊ MA-S1 MK2 တစ်လက် အပါအဝင် လက်နက်မျိုးစုံ ၁၇ လက်ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို အမှတ် (၁) စစ်ဒေသကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ကိုင်းတိုင်း အထူးတပ်ရင်းများ၊ ခရိုင်တပ်ရင်းများ၊ ပြည်သူကာကွယ်ရေးတပ်ဖွဲ့(ပကဖ)၊ CNDF၊ RCDF တော်လှန်ရေးတပ်ဖွဲ့ များက ပူးပေါင်းတိုက်ခိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ခမ်းပါတ်မြို့ကို တော်လှန်ရေးတပ်ဖွဲ့များက ပြီးခဲ့သည့် နိုဝင်ဘာလ ၆ ရက်နေ့က စတင်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ စစ်ကောင်စီက မြေပြင်စစ်ကြောင်းထိုးမှုများ၊ လေကြောင်းတိုက်ခိုက်မှုများ အပြင်းအထန်ပြုလုပ်ကာ မြို့ကိုပြန်လည်သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်နေကြောင်းလည်း မြေပြင်တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။

ဓာတ်ပုံ – ကာကွယ်ရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ။
#ခမ်းပါတ်မြို့ #စစ်ကောင်စီ #‌မြို့သိမ်းတိုက်ပွဲ #စစ်ကြောင်းထိုး #ပြန်လည်ရရှိရန်ကြိုးပမ်း #လက်နက်ခဲယမ်းသိမ်းဆည်းရမိ #Ayeyarwaddy_Times