ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဒီဇင်ဘာ ၁၆ ရက်

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊အုန်းပင်ကွင်း ရွာတွင် အခြေစိုက်တည်ရှိသည့် မောရဝတီ ရေတပ်စခန်းဌာနချုပ်ကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခံရကြောင်း တပ်တွင်းသတင်းရင်းမြစ်များ နှင့် ဒေသခံများထံမှသိရသည်။

ဒီဇင်ဘာ ၁၅ ရက် နံနက် ၈ နာရီခန့်အချိန်က မောရဝတီ ရေတပ်စခန်းဌာနချုပ်ကို ဒရုန်း (Drone) ဖြင့် ဗုံးသီးချတိုက်ခိုက်ခံရမှုကြောင့် ဌာနချုပ်မှူး အိမ်အနီး ကျရောက်ပေါက်ကွဲခဲ့ရာ ထိခိုက် သေဆုံးမှုနှင့် ပျက်စီးမှုများ ရှိကြောင်း တပ်တွင်းသတင်းရင်းမြစ်တစ်ဦးကပြောသည်။

“ရေတပ်ထဲက ဌာနချုပ် မှူး အိမ်အနီး ကို ဗုံးသီး တစ်လုံးကျရောက်ပေါက်ကွဲတယ်။ဌာနချုပ် မှူးကလည်း ဒီကိုပြောင်းလာတာမကြာသေးဘူး။ကျန်တဲ့ ဗုံးသီး တွေက ရေတပ်ထဲက နေရာတော်တော်များများကို ကျရောက်ပေါက်ကွဲခဲ့တယ်။ ဌာနချုပ်အထဲကို လာကျတာအလုံးရေတော့များတယ်။ ဌာနချုပ်တစ်ခုလုံးလည်း ဗြောင်းဆန်သွားတာပဲ့”ဟု ရေတပ်သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ တိုက်ခိုက်မှုပြီးနောက် နံနက် ၈ နာရီကျော်ခန့် အချိန်တွင် ကံပေါက် ရွာကို အဝင်အထွက် လုပ်နေသည့် လမ်း သုံး လမ်း စလုံး နှင့် ရေလမ်းများကိုပါ စစ်ကောင်စီတပ်က ပိတ်ပြီး ကင်းပုန်းဝပ်ကာ စစ်ဆေးမှုများ တင်းကျပ်စွာပြုလုပ်ခဲ့ပြီး ညနေပိုင်းတွင် လမ်းများကိုပြန်လည်ဖွင့်ပေးခဲ့ ကြောင်း ဒေသခံများထံမှသိရသည်။

မောရဝတီ ရေတပ်ဌာနချုပ်မှ လက်နက်ကြီးဖြင့် အချက်နှစ်ဆယ်ခန့် ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့၍ ဆင်ကူးကျေးရွာရှိ ဥယျာဥ်ခြံတစ်ခုအတွင်းသို့ လက်နက်ကြီး ကျည် နှစ်လုံးကျရောက်ပေါက်ကွဲခဲ့သော်လည်း လူထိခိုက်မှုမရှိကြောင်း ဒေသခံအချို့ကဆိုသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း မောရဝတီ ရေတပ်ဌာနချုပ် မှ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများနိုင်သော်လည်း အရေအတွက်အတိအကျကို မသိရသေးပဲ အဆိုပါတိုက်ခိုက်မှုကို မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းက ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။

ယခုတိုက်ခိုက်မှုသည် မောရဝတီရေတပ်ဌာနချုပ်ကို ပထမဦးဆုံး တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။

ဓာတ်ပုံ ၊ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခံရတဲ့ မောရဝတီ ရေတပ်စခန်းဌာနချုပ်။ (ပုံဟောင်း)

#ရေဖြူမြို့နယ် #ကံပေါက်ဒေသ #မောရဝတီရေတပ် #စခန်းဌာနချုပ် #ဒရုန်းဖြင့် #ဗုံးသီးချတိုက်ခိုက်ခံရ #Ayeyarwaddy_Time