ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၆ ရက်

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဇီကျေးရွာနေ ချင်းအမျိုးသား တစ်ဦးသည် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရပြီးနောက် မိသားစုဝင်များနှင့် အဆက်သွယ်မရသည့်အတွက် အသက်အန္တရာယ်စိုးရိမ်းနေရကြောင်း ၎င်းနှင့် နီးစပ်သည့် အသိုင်းဝိုင်းထံက သိရှိရသည်။

အဖမ်းခံထားရသည့် ချင်းအမျိုးသားသည် အသက် ၅၀ ခန့်အရွယ် ဦးနောင်ယိုးဟု သိရှိရပြီး ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက်နေ့က ၎င်း၏ ဖုန်းထဲရှိ ဓာတ်ပုံများကို ဆိုင်တွင် ဓာတ်ပုံများ ထုတ်ယူစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တိုးပြီး ၎င်းအား PDF ဟု စွပ်စွဲကာ ၎င်း၏ နေအိမ်သို့ စစ်ဆေးမူပြုလုပ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

“သူ့ဖုန်းထဲမှာ အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်တွေ ပုံတွေ့တယ်ဆိုပြီး စွပ်စွဲချက်နဲ့ ဖမ်းသွားတာပါ။ အဲ့ဒီပုံတွေက ၂၀၂၂ လောက်က ပုံဟောင်းတွေပါ။ သူက တောင်ယာအလုပ်လုပ်တဲ့ လူဆိုတော့ တောင်ယာထဲမှာ နေတာ ။ အဲ့တုန်းက တောထဲက ကလေးတွေက သူဆီလာလည်ပြီး သူဖုန်းနဲ့ ပုံရိုက်တာ ဖြစ်နိုင်တယ်။ ပြီးတော့ သူက ဘာမှ နားလည်တာ မဟုတ်ဘူး။ ပုံလည်း မဖျက်တတ်လို့ ဒီအတိုင်းဘဲ ထားတာနေမှာ။ ဖုန်းတောင် ခေါ်တတ်ရုံကလွဲရင် ဘာမှ လုပ်တတ်တာ မဟုတ်ဘူး” ဟု ၎င်းနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဦးနောင်ယိုးကို ဖမ်းဆီးခံရစဥ်က ကျေးရွာတွင် စစ်ဆေးမူပြုလုပ်နေချိန် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက ၎င်း၏ လက်ချောင်းနှစ်ချောင်းကို ရိုက်ချိုးကာ ငဖဲမြို့နယ်၊ ပဒါန်းမြို့ နတ်ရေကန် ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်ဟု ဒေသခံများထံက သိရှိရသည်။

“ရွာထဲမှာ စစ်သားတွေက ရိုက်နှက်ပြီး စစ်ဆေးတယ်။ စစ်သားတွေက ရွာထဲမှာ PDF တွေ ဘယ်နှစ်ယောက်ရှိလဲ မဖြေမချင်း ရိုက်နှက်ပြီး စစ်ဆေးတယ်။ သူလည်း အရိုက်ခံရမှာကြောက်လို့ နှစ်ယောက်ရှိတယ်ဆိုပြီး လက်နှစ်ချောင်း ထောင်ပြတယ်။ အဲ့ဒါကို နှစ်ချောင်းထောင်ပြတယ်ဆိုပြီး ချိုးပစ်တယ်” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဖမ်းဆီးခံရပြီး နောက်တစ်ရက် နိုဝင်ဘာ ၃၀ ရက်နေ့တွင် ၎င်း၏ အမျိုးသမီးကိုလာရွေးရန် အကြောင်းကြားသည့်အတွက် အမျိုးသမီးက လိုက်သွားစဉ် စစ်ကောင်စီက ဖမ်းဆီးခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှူးက ငွေပေးသည့်အတွက် ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။

ထို့အပြင် ဦးနောင်ယိုးသည် နတ်ရေကန် တပ်စခန်းရှိ အချုပ်ခန်းထဲတွင် ၎င်း၏ ခြေနှစ်ဖက် နှင့် ဘယ်လက်တစ်ဖက်သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရိုက်နှက်မူကြောင့် လှုပ်ရှား၍ မရတော့ကြောင်းနှင့် လက်ရှိအချိန်တွင် မိသားစုဝင်များနှင့် အဆက်သွယ် လုံးဝ မရရှိတော့ကြောင့် နီးစပ်သူများထံက သိရသည်။

#ငဖဲမြို့ #ချင်းအမျိုးသားတစ်ဦး #စစ်ကောင်စီ #မိသားစုဝင်များနှင့်အဆက်သွယ်မရ
#Ayeyarwaddy_Times