
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၆ ရက်
ဧရာဝတီတိုင်းအတွင်း ဆိုင်ကယ်ခိုးယူခံရမှုနှုန်း မြင့်တက်နေပြီး အိမ်ရှေ့ရပ်ထားသောဆိုင်ကယ်များကိုပင် နေ့အချိန် ခိုးယူခံနေရကြောင်း ဝါးခယ်မမြို့နယ်မှ ဒေသခံများထံမှသိရသည်။
စစ်ကောင်စီလက်ထက်တွင် ကုန်းစျေးနှုန်းတက်လာခြင်းနှင့် အလုပ်လက်မဲ့များကြောင့် ခိုးမှု နှင့် လုယက်မှုများ တိုးပွားလာခဲ့ပြီး လွတ်ငြိမ်းချမ်းသာနှင့်လွှတ်လိုက်သော အပြစ်ကျူလွန်သူများ ကပါ ထပ်မံခိုးယူခြင်း လုယက်ခြင်းများ လုပ်ဆောင်နေကြကြောင်း ဒေသခံများထံမှသိရသည်။
“ဆိုင်ကယ်ခိုးတဲ့ကောင်တွေက အခုရက်ပိုင်း ပြန်သောင်းကျန်းလာတယ်။ လမ်းဘေးမှာ ခဏရပ်ပြီး လယ်သွားကြည့်တာ ဆိုင်ကယ်တစ်စီးနဲ့ လူနှစ်ယောက် ကျော်မောင်းသွားပြီးမှ ပြန်လှည့်လာပြီး သေးပေါက်သလိုလိုနဲ့ ဆိုင်ကယ်နားကပ်တော့ လှမ်းအော်ပြီးပြန်ပြေးလာတာ မမှီတော့ဘူး။ ဆိုင်ကယ်ပေါ်တက်ပြီး မောင်းပြေးကြတာ ဝေးလည်းဝေးတာဆိုတော့ မမိလိုက်ဘူး “ဟု ဝါးခယ်မမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။
လိုက်လံခိုးယူနေသောလူများမှ လူငယ်၊ လူလတ်ပိုင်အမျိုးသားများပါ ပါဝင်နေပြီး လူလစ်လျှင် ရောင်းရနိုင်သည့် ပစ္စည်းမှန်သမျှ ဖြုတ်ခိုးခြင်းခံနေရကြောင်း ဒေသခံများကဆိုသည်။
“ခိုးတဲ့ကောင်တွေက ပေတိပေစုတ်တွေမဝတ်ထားဘူး ။ ခရီးသွားလိုလို ဧည်သည်လိုလိုတွေလုပ်ကြတာ၊ လူလစ်တာနဲ့ပါပြီပဲ။ ရေမော်တာ ၊ဖုန်း တန်းဖိုးရှိတာအကုန်ခိုးတာ CCTV ကြည့်မှသိရတယ်။ သော့ဖျက်ပြီး အိမ်ထဲက ဆိုင်ကယ် နှစ်စီးအခိုးခံရဖူးတယ် ရဲတိုင်လည်းမိတာမဟုတ်တော့ အလုပ်ရှုပ်မခံတော့ဘူး “ဟု ဝါးခယ်မမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဝါးခယ်မမြို့နယ်တွင် ခိုးယူခံရသော ဆိုင်ကယ်များနှင့် တန်ဖိုးရှိပစ္စည်းများအား ရဲစခန်းတွင် အမှုဖွင့် ထားသော်လည်း ထူးလျှင်အကြောင်းကြားပေးမည်ဟုသာ ရဲစခန်းက ပြန်ပြောကြောင်း ဒေသခံများထံက သိရသည်။
#ဝါးခယ်မမြို့နယ် #ဆိုင်ကယ်ခိုးမှု #ပိုမိုများပြား #Ayeyarwaddy_Times