နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၆ ရက်

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ် ချောင်းတွင်းကျေးရွာ ခေါင်းကြီးဆန်စက်ဝင်းအတွင်း ဒီဇင်ဘာ (၁၁)ရက်နေ့က အမျိုးသား (၉)ဦးကို ဒရုန်း ဆက်စပ်ပစ္စည်းများအပါအဝင် လက်နက်အချို့နှင့် ဖမ်းဆီးခံရပြီးနောက် အဆိုပါလူငယ်များနှင့် ရင်းနှီးသူများကိုပါ လိုက်လံ ဖမ်းဆီးနေကြောင်း ဒေသခံများထံက သိရသည်။

ဖျာပုံမြို့နယ်၊ ကျိုတ်လတ်မြို့နယ်နှင့် အဂ်ပူ မြို့နယ်များမှ လူငယ် လေးဦး နောက်ဆက်တွဲ ဖမ်းဆီးခံထားရပြီး အခြားမြို့နယ်များတွင်လည်း ဖမ်းဆီးရန် ရှာဖွေစုံစမ်းနေကြောင်း တော်လှန်ရေး အင်အားစုများထံက သိရသည်။

“ဖျာပုံမြို့က အမျိုးသား နှစ်ဦး ကျိုတ်လတ်မြို့က အမျိုးသား တစ်ဦးနဲ့ အင်္ဂပူက တစ်ဦးဆိုတော့ စုစုပေါင်း လေးဦး ဖမ်းခံထားရတယ်လို့ သိထားတယ်” ဟု ကျိုတ်လတ် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဧရာဝတီတိုင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့များ ပြန်လည်ရောက်ရှိနေပြီဟုဆိုကာ မြိုနယ်အချို့တွင် ဧည့်စာရင်းစစ်ဆေးခြင်း၊ မြို့ဝင်မြို့ထွက်တွင် ကင်းပုန်းဝတ်ခြင်းနှင့် လက်ကိုင်ဖုန်းများကို စစ်ဆေးနေကြောင်း ဒေသခံများက ပြောသည်။

#ဖျာပုံမြို့ #လက်နက် #ဖမ်းဆီးခံခဲ့ရ #လူငယ်များ ရင်းနှီးသူများကို #စစ်ကောင်စီမှ #လိုက်လံဖမ်းဆီး #Ayeyarwaddy_Times