
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၆ ရက်
ယခုဘဏ္ဍာနှစ်တွင် လိုအပ်သောဖြည့်စွက်ငွေတောင်းခံရာ၌ နိုင်ငံခြားသုံးငွေဖြင့် ဝယ်ယူရမည့်အသုံးစရိတ်များ အတွက် ဘတ်ဂျက်ကို ယမန်နေ့က ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဥက္ကဌ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခွင့်ပြုလိုက်ကြောင်းသတင်းရရှိသည်။
၂၀၂၃ – ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံခြားသုံးငွေဖြင့် သုံးစွဲရမည့် ဖြည့်စွက်ဘတ်ဂျက်တွင် နိုင်ငံငွေဖြင့် မဖြစ်မနေပေးချေရမည့် အသုံးစရိတ်များ၊ ပြည်ပမှ ဝယ်ယူတင်သွင်းရမည့် ပစ္စည်းများအတွက် အသုံးစရိတ်များ ကိုသာ တောင်းခံရမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ယခုဘဏ္ဍာနှစ် ၂၀၂၃- ၂၀၂၄ ခုနှစ်ကာလ သက်တမ်းလေးလသာကျန်တော့မည်ဖြစ်ပြီး ထပ်မံတိုး တောင်းသည့်ဘတ်ဂျက်အတွက် ငွေကြေးပမာဏ မည့်မျှခွင့်ပြုလိုက်သည်ကိုမူ စစ်ကောင်စီက ထုတ်ပြန်ခြင်းမရှိပေ။
အဆိုပါခွင့်ပြုလိုက်သည့် ဖြည့်စွက်ငွေများအပါအဝင် နိုင်ငံတော်ကခွဲဝေချထားပေးသည့် အသုံးစရိတ်များကို အလေအလွင့်မရှိဘဲ အသုံးပြုရန်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရများက ပြည်ထောင်စုထောက်ပံ့ငွေ အခွန်ဝေစု ခွဲဝေပေးမှုအပေါ်မှီခိုမနေဘဲ ဝင်ငွေတိုးတက်ရရှိစေရေးအတွက် ကုန်ထုတ်လုပ်မှုတိုးတက်ရေးကို အလေးထားရမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်က ဆိုသည်။
နိုင်ငံခြားငွေလဲလှယ်နှုန်းကွာခြားချက်ကြောင့် လိုအပ်လာသည့်အသုံးစရိတ်များ၊ နိုင်ငံတော်သို့ ထပ်မံပေး ဆောင်ရမည့် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန် နှင့် နိုင်ငံထည့်ဝင်ငွေများ၊ နိုင်ငံ့ဝန်ထမ်း အသုံးစရိတ်များကို စိစစ်ခွင့်ပြုလိုက်ကြောင်း စစ်ကောင်စီအဖွဲ့ဝင် ဘဏ္ဍာရေးဆိုင်ရာ ကောင်မရှင်ဒုတိယ ဥက္ကဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်က ပြောကြားသည်။
လက်ရှိဘဏ္ဍာနှစ်တွင် ပြည်ထောင်စုသုံးစွဲငွေအဖြစ် ကျပ် ၃၃,၁၇၅ ဒသမ ၀၅၃ ဘီလီလံ သုံးစွဲရန် စစ်ကောင်စီ ရေးဆွဲသော ရသုံးမှန်းခြေငွေစာရင်းအရသိရသည်။
ဓာတ်ပုံ-MOI
#ထပ်တိုးဘတ်ဂျက် #စစ်ကောင်စီခွင့်ပြု #စစ်ခေါင်းဆောင် #နိုင်ငံခြားသုံးငွေ
#Ayeyarwaddy_Times