သတင်း ဆောင်းပါး

ဇလပ်ထန်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၆ ရက်

တောင်ဇလပ်ပန်းများ ပွင့်လန်းရာ အောက်ချင်းငှက်များ ပျော်စံရာ တောင်တန်းဒေသ ချင်းတို့ မြေမှာ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ဆိုသည့် ရောင်နီ သန်းလာနေပြီဟု ဆိုရပါမည်။

မြန်မာနိုင်ငံ လွတ်လပ်ရေး ရယူနိုင်ရေး အတွက် တောင်းတန်းဒေသ ကိုယ်စားလှယ် တစု အနေနှင့် ပင်လုံ စာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုးခဲ့သည့် ချင်းဒေသသည် အစိုးရ အဆက်ဆက် အလေးထားမှု အားနည်းခဲ့၍ ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးခွင့် ဆုံးရှုံးနေပြီး ဖွံ့ဖြိုးမှု အနည်းဆုံး ဒေသလည်း ဖြစ်ခဲ့ရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ၂ နှစ်ကျော်လာပြီးနောက်မှာတော့ နွေဦး တော်လှန်ရေးနှင့် အတူ တူမီး သေနတ်ဖြင့် အစပြုခဲ့သော ချင်းတော်လှန်ရေး တပ်ဖွဲ့များ ပေါ်ပေါက်လာပြီး စစ်အာဏာရှင် အမြစ်ပြတ်ရေး တိုက်ပွဲ ဝင်ခဲ့ကြပါသည်။

ချင်းတော်လှန်ရေး တပ်ဖွဲ့များသည် လတ်တလောတွင် ချင်းပြည်နယ်၏ မြို့ ၇ မြို့ အထိ သိမ်းပိုက်ထားနိုင်ပြီး ချင်းပြည်သူများက မျှော်လင့် တောင့်တလျက်ရှိသော ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်နှင့် ကိုယ်ပိုင် အုပ်ချုပ် ပြဌာန်းခွင့် တို့ကို ကြိုးပမ်း ဆောင်ရွက်နေကြပြီလည်း ဖြစ်သည်။

မတူပီမြို့နယ် ရေဇွာမြို့နှင့် လိုင်လင်းပီမြို့၊ မင်းတပ်မြို့နယ် မကွီးအိမ်နူးမြို့၊ ဟားခါးမြို့နယ် ဆူးရ်ခွါ့မြို့၊ ဖလမ်း မြို့နယ် ရိခေါဒါရ်မြို့နှင့် ဝေဘူလမြို့၊ ထန်တလန်မြို့နယ် နှာရိန်မြို့တို့ကို ချင်းအမျိုးသား တပ်မတော် (CNA) နှင့် ချင်း ကာကွယ်ရေး တပ်ဖွဲ့များက သိမ်းပိုက်ထားနိုင်ပြီဖြစ်သည်။

စစ်ကောင်စီတပ်က အခိုင်အမာ တပ်စခန်းချထားသော ရိခေါဒါရ်မြို့၊ လိုင်လင်းပီမြို့နှင့် ရေဇွာမြို့တို့သည် ပြီးခဲ့သည့် နိုဝင်ဘာလတွင် ချင်းတော်လှန်ရေးရဲဘော်များက လတ်လတ်ဆတ်ဆတ် သိမ်းပိုက်ထားသော မြို့များဖြစ်သည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထားသော အဆိုပါမြို့များတွင် ချင်းအမျိုးသားတပ်ဦး (CNF)၊ ချင်း ကာကွယ်ရေး တပ်ဖွဲ့များနှင့် ဒေသ အုပ်ချုပ်ရေး အဖွဲ့များက အတူတကွ ပူးပေါင်း၍ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာများကို စတင် အကောင်အထည်ဖော် ဆောင်ရွက်နေကြပြီ ဖြစ်ကြောင်းလည်း သိရသည်။

အုပ်ချုပ်ရေးပိုင်း ဆိုင်ရာများအား ကြိုတင်ပြင်ဆင်မှုနှင့် ပတ်သက်၍ ရိခေါဒါရ်မြို့သည် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် နှင့် ကိုယ်ပိုင် အုပ်ချုပ်ပြဌာန်းခွင့်ကို စတင် ကျင့်သုံးမည့် နေရာ ဖြစ်ကြောင်း ဟွာလ်ငိုး ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ (Hualngo People Organization – HPO) အထွေထွေ အတွင်းရေးမှူး ဂျွန်ရိုဗာက ပြောကြားသည်။

၎င်းက“ချင်းပြည်မှာ ကျွန်တော်တို့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်နှင့် ကိုယ်ပိုင် အုပ်ချုပ်ပြဌာန်းခွင့်ကို စတင်ပြီးမှ ကျင့်သုံးမယ့် နေရာဖြစ်တယ်။ ဒီကနေစပြီးမှ ကျွန်တော်တို့ ရှေ့ဆက်ပြီးမှ အုပ်ချုပ်‌ရေးပိုင်း ဆိုင်ရာများကို ဆောင်ရွက်ဖို့ ရှိပါတယ်” ဟု ပြောသည်။

အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းတွင် အဓိက အချက်အခြာဖြစ်သော ရိခေါ်ဒါရ်မြို့ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် CNA/CNF ၊ ဒေသ အခြေစိုက် ချင်းကာကွယ်ရေး တပ်ဖွဲ့ (ဟွာလ်ငိုးရမ်) နှင့် ချင်းကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

လူထုလုံခြုံရေး၊ ဒေသ တည်ငြိမ်ရေးနှင့် အမှတ် -၂ အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်မှု အဆင်ပြေစေရေးကို ရှေးရှုလျက် ဒေသခံများ ကိုယ်တိုင် ဖော်ဆောင်သည့် ရိခေါဒါရ်မြို့၊ ပြည်သူ့ အုပ်ချုပ်ရေးကို CNA/CNF နှင့် HPO/CDF (ဟွာလ်ငိုးရမ်) တို့ ပူးတွဲ၍ သုံးလကျော် အချိန်ယူပြီး အကောင်အထည် ဖော်သွားမည်ဟု သိရသည်။

ဂျွန်ရိုဗာက“ရိခေါဒါရ်မြို့က နှစ်နိုင်ငံကြားမှာ အမှတ်-၂ ကုန်သွယ်ရေး လမ်းကြောင်းဖြစ်တယ်။ ပြီးတော့ နှစ်နိုင်ငံ ဆက်ဆံရေး အချက်အခြာကျတဲ့ နေရာတစ်ခုလည်း ဖြစ်တယ်။ ဆိုတော့ မြို့ကို ထိန်းချုပ်နိုင်တဲ့ နောက်ပိုင်းမှာ ပြည်သူ့ အုပ်ချုပ်‌ရေးကို ပီပီပြင်ပြင်ဆောင်ရွက်ပြီးမှ ဒီလမ်းမကြီးရဲ့ အရေးပါမှုတွေကို ကျွန်တော်တို့ ကောင်းကောင်းမွန်မွန် ကိုင်တွယ် နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြောဆိုသည်။

လက်ရှိတွင် စစ်ကောင်စီက စစ်ကိုင်းတိုင်း၊ ကလေးမြို့ကတွင် လမ်းမကြီးအား ရက်ရှည် ပိတ်ဆို့မှုကြောင့် နှစ်နိုင်ငံ၊ ကုန်သွယ်မှု မလည်ပတ်နိုင်သေးပါ။

ထို့ပြင် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ၊ အမှတ်-၁ ကုန်သွယ်ရေး လမ်းကြောင်းရှိ စစ်ကိုင်းတိုင်း တမူးမြို့နယ်၊ ခမ်းပတ် မြို့ကိုလည်း ကချင်လွတ်‌မြောက်ရေး တပ်မတော် (KIA)၊ ချင်းကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့နှင့် ‌ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များက နိုဝင်ဘာလ ၇ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့သည်။

ချင်းတိုင်းရင်းသား အများစုနေထိုင်ပြီး အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေး လမ်းကြောင်းတွင် အဓိက အ‌ရေးပါသော ခမ်းပတ်မြို့တွင်လည်း စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားများ ရပ်တန့်ပြီးနောက် ပြည်သူ့အုပ်ချုပ်ရေးကို စတင် အကောင်အထည် ဖော်‌ဆောင်နေပြီ ဖြစ်သည်။

“ရပ်ကွက်ထဲက အလေးထားရတဲ့ မြို့မျက်နှာဖုံးတွေနဲ့ အုပ်ချုပ်ရေး စနစ်တွေကို စတင်နေပြီပေါ့နော်။ ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့က ရပ်ကွက်အလိုက် ပြည်သူ့အုပ်ချုပ်ရေးကို လုပ်ဆောင်နေတာပေါ့နော်”ဟု ချင်းအမျိုးသား ကာကွယ်ရေးတပ်၏ ပြောခွင့်ရ ဆလိုင်းဗန်ကီးယိုက ပြောကြားသည်။

ခမ်းပတ်မြို့ကို ပြန်လည် ထိန်းချုပ်နိုင်ရေး အတွက် စစ်ကောင်စီက အင်အား အလုံးအရင်းဖြင့် ပြီးခဲ့သည့် ဒီဇင်ဘာ ၅ ရက်နေ့မှ စတင်၍ ပြန်လည် ထိုးစစ်ဆင်နေပြီး ဒေသခံ ထောင်ချီ တိမ်းရှောင်နေကြရသည်။

လက်ရှိတွင် မြို့ကို ထိန်းချုပ်နိုင်ရန် အပြိုင်ကြိုးစားနေကြပြီး ဒေသ ကာကွယ်‌ရေး တပ်ဖွဲ့များနှင့် ပြင်းပြင်းထန်ထန် တိုက်ပွဲ ဖြစ်ပွားလျက် ရှိသည်။

မတူပီခရိုင် လိုင်လင်းပီမြို့ကို ချင်းအမျိုးသား တပ်မတော်နှင့် ချင်းကာကွယ်ရေး ပူးပေါင်းတပ်က ၅ ရက်ကြာ ဝိုင်းရံ ပိတ်ဆို့ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်က အလံဖြူထောင်ကာ တပ်စခန်းကို စွန့်ခွာထွက်ပြေး၍ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် အပြီး သိမ်းပိုက်နိုင်ခဲ့သည်။

အဆိုပါ လိုင်လင်းပီမြို့တွင်လည်း ချင်းအမျိုးသား တပ်ဦးနှင့် မရာနယ် ကောင်စီတို့က စစ်ဘေးရှောင်များ ပြန်လည် လက်ခံ နိုင်ရန် ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့် အုပ်ချုပ်ရေး စနစ်များကို ကြိုတင်ပြင်ဆင် ဆောင်ရွက်နေပြီ ဖြစ်သည်။

မြို့ပေါ်မှ စစ်ဘေးရှောင်နေကြသော ဒေသခံများအနေဖြင့် မြို့ထဲသို့ ပြန်လာနိုင်ရန် ကော်မတီဖွဲ့စည်းထားပြီး စစ်ရှောင် ဒေသခံများကိုလည်း စနစ်တကျ လက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

“ကြားကာလ မရာနယ် ကောင်စီက ရှိပြီးသား။ အဲ့ဒါကို လိုင်လင်းပီမြို့ပေါ်မှာတော့ ကျွန်တော်တို့ အုပ်ချုပ်ရေးကို မလုပ်နိုင်ဘူး။ အခု‌တော့ မြို့ပေါ်ကို သိမ်းပိုက်နိုင်ပြီဆို‌တော့ မြို့အုပ်ချုပ်ရေးကိုတော့ ဆက်လက် ဖော်ဆောင်သွားဖို့ ရှိတယ်” ဟု မရာနယ်ကောင်စီ အမှုဆောင်အရာရှိ ကိုဂျိမ်းက ပြောကြားသည်။

ကြားကာလ မရာနယ် ကောင်စီအောက်တွင် ဒေသကောင်စီ ခြောက်ခုဖြင့် ထပ်မံဖွဲ့စည်းထားပြီး လိုင်လင်းပီမြို့ ကောင်စီကိုလည်း ဆက်လက် ဖွဲ့စည်းသွားမည်ဟု သိရသည်။

လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများကို ချင်းအမျိုးသား တပ်မတော်နှင့် ချင်းကာကွယ်ရေး တပ်ဖွဲ့ (မရာ) တို့က အပြည့်အဝ တာဝန်ယူ ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

စစ်ကောင်စီ အတွက် အလွန်အရေးပါသော နယ်စပ်မြို့များ အနက်မှ ဟားခါး-မတူပီ လမ်းမပေါ်ရှိ ရေဇွာမြို့ကိုလည်း ZZLMS ခေါ် ချင်းကာကွယ်ရေး တပ်ဖွဲ့ (ဇိုတုန်)၊ ချင်းကာကွယ်‌ရေး တပ်ဖွဲ့ (ဇိုဖေ)၊ ချင်းကာကွယ်ရေး တပ်ဖွဲ့ (ဆဲန့်ထန်)၊ ချင်း ကာကွယ်ရေး တပ်ဖွဲ့ (လောက်တူ) နှင့် ချင်းကာကွယ်ရေး တပ်ဖွဲ့ (မရာ) တို့နှင့်အတူ ချင်းအမျိုးသား တပ်မတော်နှင့် ချင်းကာကွယ်‌ရေး တပ်ဖွဲ့ (မတူပီ)၊ တပ်ရင်း -၂ တို့က နိုဝင်ဘာ ၂၉ ရက်နေ့တွင် အပြီး တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။

“မြို့ကိုတော့ စစ်ကောင်စီ လက်ထဲကနေ သိမ်းပိုက်ထားနိုင်ပြီဆိုတော့ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာအတွက် ကျွန်တော်တို့ အသေးစိတ် တိုင်ပင်ဆွေးနွေး ညှိနှိုင်နေဆဲပါ။ မကြာမီ အကောင်အထည် ဖော်ဆောင်နိုင်ဖို့ ကြိုးစားနေပါတယ်” ဟု ချင်း ကာကွယ်ရေး တပ်ဖွဲ့ (လောက်တူ) တာဝန်ခံက ပြောသည်။

ရေဇွာမြို့သည် ဟားခါး၊ မတူပီ၊ လိုင်လင်းပီ မြို့များအတွက် အချက်အခြာကျသော မြို့ဟု ဆိုနိုင်သလို မကွေးတိုင်း ဂန့်ဂေါခရိုင်နှင့် နီးကပ်စွာ တည်ရှိသော မြို့လည်း ဖြစ်သည်။

ချင်းပြည်နယ်၏ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲရာတွင် ချင်းတော်လှန်ရေး တပ်ဖွဲ့ဘက်မှ တပ်ဖွဲ့ဝင် စုစုပေါင်း ၁၀ ဦး အသက် ပေးခဲ့ရပြီး စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ တချို့လည်း သေဆုံးခဲ့ရသည်။

အဆိုပါမြို့များကို ယခင် စစ်ကောင်စီတပ်က အုပ်ချုပ်နေစဉ် ၎င်းတို့ အမိန့်များကြောင့် ဒေသခံများအနေဖြင့် လွတ်လပ်စွာ ဘုရားဝတ်ပြု ကိုးကွယ်ခွင့် မရခြင်း၊ လွတ်လပ်စွာ သွားလာခွင့် မရခြင်း၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် စိတ်ငြိမ်သက်စွာ နေထိုင်ခွင့် မရခြင်း၊ လူ့အခွင့်အရေးမျိုးစုံ ချိုးဖောက်ခံရခြင်းနှင့် အခြား စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများကို ကြုံတွေ့ကြရသည်။

သို့သော် ချင်းတော်လှန်ရေး တပ်ဖွဲ့များက မြို့များကို အပြီး သိမ်းပိုက်နိုင်ပြီးနောက် ယခင်အချိန်က လွတ်လပ်ခွင့် များကို ပြန်လည် ခံစားနိုင်တော့မည်ဟု ဒေသခံများက ယုံကြည် မျှော်လင့်နေကြပြီ ဖြစ်သည်။
“လိုင်လင်းပီမြို့ကို ချင်းတော်လှန်ရေး တပ်ဖွဲ့တွေက လာရောက် တိုက်ခိုက်ခါစမှာ မြို့ကို သိမ်းပိုက်နိုင်ပါ့မလား ဆိုပြီး စိတ်ထဲမှာ သံသယဖြစ်မိတယ်။ ကျနော် တတ်နိုင်တာက မြို့ကို အောင်အောင်မြင်မြင်နဲ့ သိမ်းပိုက်နိုင်ဖို့ ဆုတောင်း ပေးရုံပဲ တတ်နိုင်တာလေ။ သိမ်းပိုက်နိုင်ပြီဆိုတဲ့ သတင်းကြားတော့ ဝမ်းသာလွန်းလို့ နှလုံးရပ်သလိုတောင် ခံစားရတယ်” ဟု လိုင်လင်းပီ မြို့နေ ဒေသခံ အမျိုးသမီး မိုင်ယဉ်အေးက ပြောပြသည်။

ချင်းပြည်နယ်၏ မြို့များကို စစ်ကောင်စီထံကနေ သိမ်းပိုက်နိုင်ခြင်းသည် ချင်းပြည်သူ တစ်ရပ်လုံးအတွက် ဝမ်းသာ ပျော်ရွှင်မှုကို ပေးစွမ်းခဲ့သလို တော်လှန်းရေး ဘက်တွင်လည်း ဆက်လက်အရှိန်မြှင့်တင်ရန် ခွန်အားဖြစ်လာစေခဲ့သည်။

ပြည်တွင်း၊ ပြည်ပသို့ စစ်ဘေး‌ရှောင်နေကြရသော ချင်းပြည်သူများကလည်း နေအိမ်ပြန်မည့်ရက် ပိုမိုနီးကပ်လာပြီဟု ပြောစမှတ်ပြုကြနေပြီ ဖြစ်သည်။
ပြည်တွင်း၊ ပြည်ပ စစ်ဘေးရှောင် လူဦးရေ စုစုပေါင်း ၁ သိန်းခန့် ရှိနေပြီး စစ်ဘေးရှောင် စခန်း ၅၀ ခန့်ရှိကာ စာရင်းထဲ မပါဝင်သေးသော စစ်ဘေးရှောင် စခန်းများလည်း ရှိကြောင်း သိရသည်။

ပျက်စီး ဆုံးရှုံးမှု အများဆုံးမှာ ထန်တလန်မြို့နယ် ဖြစ်ပြီး မတူပီမြို့နယ်၊ မင်းတပ်မြို့နယ် နှင့် ဖလမ်းမြို့နယ်များလည်း ပျက်စီး ဆုံးရှုံးမှု များသည်ဟု ဆိုသည်။
စစ်ဘေးရှောင် ချင်းပြည်သူများကလည်း “မြန်မြန် အေးချမ်းပြီး ကိုယ့်ပြည်နယ်၊ ကိုယ့်မြို့၊ ကိုယ့်ဒေသကို အမြန် ပြန်ချင်လှပြီ။ အရင်လို အေးအေးချမ်းချမ်း ပြန်နေချင်ပြီ” ဟု ပြောဆိုကြပါသည်။

လက်ရှိတွင် တော်လှန်ရေး အရှိန်မြှင့်တင်နေဆဲ ကာလ ဖြစ်ခြင်းကြောင့် တော်လှန်ရေး အင်အားစုများက သိမ်းပိုက် ထားသော မြို့များကို စစ်ကောင်စီတပ်က ပြန်လည် ထိန်းချုပ်နိုင်ရန် ထိုးစစ်ဆင်မှုနှင့် ဒေသခံပြည်သူကို ဦးတည်သည့် လေကြောင်း တိုက်ခိုက်ခံရမှုများ အချိန်မရွေး ကြုံရနိုင်သေးသည့် အတွက် ပြည်သူအများစုက စိုးရိမ်မကင်း ဖြစ်နေကြဆဲလည်း ဖြစ်သည်။

ချင်းတိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့များနှင့် ပြည်သူလူထု စည်းလုံးမှုဖြင့် တော်လှန်ရေး ခရီးကို ဆက်လက် လျှောက်လှမ်းမည် ဆိုလျှင် ဒီထက်မက အောင်မြင်မှုများ ရရှိနိုင်ပြီး လွတ်မြောက် ပြည်နယ်အဖြစ် ပထမဦးဆုံး သမိုင်း မှတ်တိုင် စိုက်ထူနိုင်မည်လည်း ဖြစ်ပါသည်။

#ချင်းတောင်တန်းပေါ်မှာ #ရောင်နီသန်းလာခဲ့ပြီ
#သတင်းဆောင်းပါး #Ayeyarwaddy_Times