ဇလပ်ဖြူ/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၆ ရက်

ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇံမြို့၊ ခေါဝုန်လေးဆန်ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း အထက(တွန်းဇံ) ကျောင်းကြီး သည် ဒီဇင်ဘာ ၁၅ရက်နေ့ နံနက် ၆နာရီဝန်းကျင်ခန့်က မီးရှို့ခံခဲ့ရကြောင်း သိရသည်။

တွန်းဇံမြို့၊ ခေါဝုန်လေးဆန်ရပ်ကွက်နေ ဒေသခံများနှင့် မီးသတ်ဝန်ထမ်းများက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြသောကြောင့် တစ်ကျောင်းလုံး မလောင်ခဲ့ဘဲကျောင်းအုပ်ကြီးရုံးခန်းနှင့် စာရွက်စာတမ်းအချို့ မီးလောင်ပျက်စီးခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“မနက် ၅နာရီခွဲ ၆နာရီလောက်မှာ မီးက ကျောင်းအုပ်ကြီး ရုံးခန်းဖက်ကနေ စလောင်တယ်။ ရပ်ကွက်ထဲကလူတွေနဲ့ မီးသတ်ကလူတွေ လာငြိမ်းလို့ တစ်ကျောင်းလုံးတော့ ပြာမကျသွားဘူး။ကျောင်းအုပ်ကြီးရုံးခန်းတော့ တော်တော်ပျက်စီးသွားတယ်”ဟု

ခေါဝုန်လေးဆန်ရပ်ကွက်နေ ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ရက်နေ့ နေ့လည် ၁၂ နာရီခန့်က အထက(တွန်းဇံ)ကျောင်း၏ ကျောင်းအုပ်ကြီး ဦးဂင့်ရှင်းခိုင်(၆၀နှစ်) ထံသို့ CMDA ဆိုသည့်ပြောက်ကျားတပ်ဖွဲ့တစ်ဖွဲ့က ၁၄ရက်နေ့ နောက်ဆုံးထားကာ ကျောင်းပိတ်ရန်နှင့်မလိုက်နာပါကပြင်းပြင်းထန်ထန်အရေးယူသွားမည်ဟူသော စာတစ်စောင်နှင့် ၅ ဒသမ ၅ ကျည်ဆံ တစ်တောင့်ကို ပေးပို့ခဲ့ကြောင်း စစ်ကောင်စီ၏ တယ်လီဂရမ်ချန်နယ်များတွင် ဖော်ပြထားသည်။

မီးရှို့ခံခဲ့ရသည့် တွန်းဇံ အခြေခံပညာအထက်တန်းကျောင်းသည် စစ်ကောင်စီအာဏာသိမ်းသည့်အချိန်မှစတင်၍ စစ်ကောင်စီတပ်က ကျောင်းဝန်းအတွင်း တပ်စွဲထားခဲ့ရာ ပြီးခဲ့သည့် ၂၀၂၃ ၊

ဇူလိုင်လ စစ်ကောင်စီတပ်နှင့် CDF တွန်းဇံတို့ တိုက်ပွဲဖြစ်ပွါးခဲ့ပြီးနောက် စစ်ကောင်စီတပ်သားများထပ်မံတပ်မစွဲတော့ကြောင်း တွန်းဇံမြို့တစ်ဦးကဆိုသည်။

ပုံစာ – မီးရှို့ခံခဲ့ရသည့် အထက(တွန်းဇံ)
ကျောင်းကိုတွေ့ရစဥ်
#တွန်းဇံ #စစ်ကောင်စီ #အထက်တန်းကျောင်း #မီးရှို့ခံ #Ayeyarwaddy__Times-