ဇလပ်ဖြူ / ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၅ရက်

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အထက်ပိုင်းအိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းပေါ်ရှိဖိုင်လင်းရွာနှင့် မှန်တောရွာကို ဒီဇင်ဘာ ၁၅ရက်နေ့ နံနက် ၁၁နာရီခန့်မှ စတင်ကာ စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၄၀ကျော်ပြုလုပ်ခဲ့ကြောင်းသိရသည်။ အဆိုပါတိုက်ခိုက်မှုများကြောင့် နေအိမ်အချို့ပျက်စီးကာ နွားတစ်ကောင် ထိမှန်ပြီး ရွာလုံးကျွတ်ထွက်ပြေးခဲ့ရကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီတပ်သည် ဒီဇင်ဘာ ၁၅ရက်နေ့နံနက် ၁၁နာရီခန့်မှစတင်ကာ မှန်တောရွာကို ငါးကြိမ် ထက်မနည်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ပြီးနောက် မှန်တောရွာနှင့် နှစ်မိုင်ခန့်ကွာဝေးသည့် ဖိုင်လင်းရွာကိုလည်း အကြိမ် ၂၀ကျော် ဗုံးကြဲခဲ့ကြောင်း ဖိုင်လင်းဒေသခံတစ်ဦးကပြောသည်။

“မနက် ၁၁နာရီလောက်မှာ မှန်တောကိုဗုံးစကြဲတယ်။ ကျွန်တော်တို့လည်း ကြောက်လန့်ပြီး ဘာမှတောင်မယူနိုင်ဘူး။တောထဲ ထွက်ပြေးရတာပဲ။ ကျွန်တော်တို့ထွက်လာပြီးမှ ရွာကို ဗုံးကြဲတာ အကြိမ် ၂၀အရင်ကြဲတယ်။ ပြီးတော့ ညနေ ၄နာရီလောက်မှာ အကြိမ်၂၀ ထပ်လာကြဲတယ်။ ညနေပိုင်းကျတော့ ငြိမ်သွားမှ ရွာထဲပြန်ဝင်ကြတာပေါ့။ဖိုင်လင်းက ပြေးတဲ့သူတွေလည်းရှိတယ်။ ပြေးစရာနေရာမရှိလို့ ရွာထဲပြန်နေရသူတွေလည်းရှိတယ်” ဟု ဖိုင်လင်းရွာခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဖိုင်လင်းရွာအောက်ပိုင်း ဖိုင်လင်းရွာမှ နှစ်မိုင်ခန့်ကွာဝေးသည့် သနန်အကျဥ်းစခန်းနှင့် ဖိုင်လင်းရွာအထက်ပိုင်းအောင်ဇေယျစစ်တပ်စခန်းကို ကူကီးအမျိုးသားတပ် KNA နှင့် တမူးခရိုင်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့က နိုဝင်ဘာ ၂၂ ရက်နှင့် ဒီဇင်ဘာ ၁၀ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သောကြောင့် အဆိုပါ တပ်စခန်းများကို ပြန်လည်ရယူနိုင်ရန် စစ်ကောင်စီတပ်က အသည်းအသန် ကြိုးပမ်းနေခြင်းဖြစ်နေသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

လက်ရှိတွင် ဖိုင်လင်း၊စေတီ၊မှန်တော၊သနန်၊စိုးသာယာစသည့် ကျေးရွာများမှ ဒေသခံ ငါးထောင်ထက်မနည်း စစ်ဘေးရှောင်နေရကာ အများစုမှာ အိန္ဒိယနိုင်ငံတွင်းသို့ ဝင်ရောက်ရှောင်တိမ်းနေကြပြီး တောတောင်များထဲတွင် တိမ်းရှောင်နေရသူများလည်းရှိနေသည်ဟု စစ်ရှောင်ကူညီသူများကပြောသည်။

ပုံစာ – စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဖိုင်လင်းရွာအတွင်းထိခိုက်မှု

မှတ်တမ်းများ။
#ဖိုင်လင်း #တမူးအထက်ပိုင်း #လေကြောင်းတိုက်ခိုက်မှု #စစ်ကောင်စီ #နစ်ကိုင်းတိုင်း #အိန္ဒိယနယ်စပ် #Ayeyarwaddy_Times