ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ ဒီဇင်ဘာ ၁၅ ရက်

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အတွင်း WY ဆေးပြားများ သယ်ဆောင်ကာ သွားလာနေသည့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ဒီဇင်ဘာ ၁၁ ရက်နေ့က ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၊ တပ်ရင်း(၅) တပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း ယနေ့ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဖမ်းဆီးရမိသူသည် စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား တင်မောင်နိုင်ဖြစ်ပြီး ဆက်လက်စစ်ဆေးခဲ့ရာ ၎င်းနှင့်အတူ WYဆေးပြား ၁၂ ပြား၊ လက်ပစ်ဗုံး သုံး လုံး၊ ဖုန်း နှစ် လုံး နှင့် အတူ ငွေသားတချို့ကို KNDF ရဲဘော်များက သိမ်းဆည်းရရှိ၍ သက်ဆိုင်ရာ ကရင်နီပြည်ရဲဌာန (KSP) ထံ အပ်နှံခဲ့ကြောင်း သိရသည်။

ရဲတပ်သား တင်မောင်နိုင်သည် လွိုင်ကော်မြို့၊ တောင်ဈေးအနီးရှိ ကမ္ဘောဇဘဏ်တွင် တပ်စွဲထားသည့် စစ်ကောင်စီ ရဲတပ်ဖွဲ့အတွင်းမှ ဖြစ်ပြီး WYဆေးပြားများကို အပြင်မှဝယ်ယူ၍ တပ်ဖွဲ့ဝင်များထံ ပြန်လည်ရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ရဲတပ်သားသည် ဆေးပြားများဝယ်ယူရန်အတွက် အရပ်ဝတ်ဖြင့် ဆိုင်ကယ်စီးကာ သွားလာနေစဉ် KNDF ရဲဘော်များကဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ကရင်နီ​​​ပြည်နယ် ​လွိုင်ကော်မြို့ကို ပြီးခဲ့သည့် နိုဝင်ဘာလမှ စတင်ကာ “၁၁၁၁စစ်ဆင်ရေး” အနေဖြင့် မြို့သိမ်းတိုက်ပွဲဆင်နွှဲနေခြင်းဖြစ်ပြီး မြို့တွင်းတွင် နှစ်ဖက်အပြန်အလှန်တပ်စွဲထားကာ ထိတွေ့မှုများနေ့စဉ် ဖြစ်ပွားနေကြောင်း သိရသည်။

ဓာတ်ပုံ – KNDF
#KNDF #လွိုင်ကော်မြို့ #ရဲတပ်သား #ဖမ်းဆီးရမိ #WYဆေးပြား #Ayeyarwaddy_Times