ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၄ ရက်

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်တွင် တော်လှန်ရေးအင်အားစုများ ရောက်ရှိနေသည်ဟုအကြောင်းပြကာ ပြီးခဲ့သည့်ဒီဇင်ဘာ ၁၀ ရက် နေ့ကစ၍ မြို့တွင်းသို့ဝင်ရောက်နေသည့် စက်လှေများကို စစ်ကောင်စီတပ်မှ စစ်ဆေးရေးတင်းကြပ်ထားကြောင်း ဒေသခံစက်‌လှေသမားများထံကသိရသည်။

လပွတ္တာမြို့နယ်တွင် တော်လှန်အင်အားစုများရောက်ရှိလာသည်ဟု အကြောင်းပြကာ မြို့တွင်း အမှတ် ၄ ရပ်ကွက်နှင့် အမှတ် ၆ ရပ်ကွက် ရှိစက်လှေဆိပ်များတွင် ဒေသခံကုန်တင်ကုန်ချစက်လှေများကို ရှာဖွေစစ်ဆေးနေကြောင်းဒေသခံများထံကသိရှိရသည်။

“မြို့အနီးကရွာတွေဘက်ကို PDFတွေရောက်နေတယ်ဆိုပြီးတော့ မြို့ကိုကုန်ပို့တဲ့စက်လှေမှန်သမျှအကုန်အစစ်ခံရတယ်။ ငွေမတောင်းဘူး။ ကုန်စည်တွေပြခိုင်းတယ်။လူနဲ့ မှတ်ပုံတင်နဲ့တိုက်စစ်တယ်။ မသင်္ကာရင်စခန်းကိုခေါ်ပြီးအရစ်ခံရတယ်” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် လူတော်ကျေးရွာဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့အပြင် လပွတ္တာမြို့အနီး ရွဲမြစ်ကြောင်းတလျှောက်တွင်လည်း စစ်ကောင်စီတပ်နှင့်ရဲတပ်ဖွဲ့တို့မှ စစ်တပ်သုံးသင်္ဘောငယ်များအသုံးပြု၍ နေ့ရောညပါ ရေကြောင်းကင်းလှည့်နေပြီး မင်္သကာသည့် စက်လှေများကိုရှာဖွေစစ်ဆေးမှုများပြုလုပ်ကာ ငွေကြေးနှင့်ကုန်စည်အချို့ကို တောင်းယူကြောင်း စက်လှေသမားများထံကသိရသည်။

“ရွဲမြစ်ကြောင်းမှာ စစ်တပ်သင်္ဘောငယ်နဲ့ရေကြောင်းကင်းလှည့်နေတာမကြာသေးဘူး။ မြစ်ထဲမှာသွားနေတဲ့စက်လှေတွေကိုမသင်္ကာရင်ရပ်ခိုင်းပြီးစစ်တယ်။

ကုန်တွေလာပါရင်အကောက်ဘယ်လောက်ဆိုပြီးယူထားတယ်။ကုန်ရောင်းရငွေတွေ့ရင်လည်းယူတယ်။ဘယ်လောက်ဆိုတာတော့မရှိဘူး” ဟု ကျောင်းစုကျေးရွာဒေသခံစက်လှေသမားတစ်ဦးကဆိုသည်။

အလားတူ လပွတ္တာမြို့တွင်းရှိ ရပ်ကွက်အချို့တွင် ပြီးခဲ့သည့်ဒီဇင်ဘာလ ၁၀ရက်နေ့ကစပြီး ‌တော်လှန်အင်အားစုများကို ဖမ်းဆီးနိုင်ရေးအတွက် ပြည်သူ့စစ်(ပျုစောထီး)နှင့်စစ်ကောင်စီတပ်ဖွဲ့များက ညစဉ်ကင်းလှည့်ရာတွင်လိုက်ပါလိုသူမရှိ၍ လူတစ်ဦးလျှင် နေ့စားခအဖြစ် ၅၀၀၀ကျပ်ပေးပြီး လူငှား ကင်းလှည့်မှုများရှိနေကြောင်းမြို့ခံများထံက သိရသည်။

#လပွတ္တာမြို့နယ် #တော်လှန်ရေးအင်အားစုများ #စက်လှေများကိုစစ်ဆေး
#Ayeyarwaddy_Times