
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၄ ရက်
အမေရိကန်ဒေါ်လာဖြင့်ရရှိသည့် ပို့ကုန်ရငွေ၏ ၃၅ ရာခိုင်နှုန်းကို ဗဟိုဘဏ် သတ်မှတ်ချက်ဈေးနှုန်း တစ်ဒေါ်လာလျှင် ၂၁၀၀ ကျပ်ဖြင့် တစ်လအတွင်း စစ်ကောင်စီထံ ရောင်းချရမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၃ ရက်နေ့ ရက်စွဲဖြင့် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) က အသိပေးထားသည်။
အဆိုပါ ပို့ကုန်ရငွေပမာဏ၏ ၃၅ ရာခိုင်နှုန်းကို အလုပ်လုပ်ရက် တစ်ရက်အတွင်း သက်ဆိုင်ရာ AD လိုင်စင်ရဘဏ်တွင် ဗဟိုဘဏ်သတ်မှတ် ငွေလဲလှယ်နှုန်း ကျပ်ငွေ လဲလှယ် ပေးမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပို့ကုန်ရငွေ ဝင်ရောက်ပြီး တစ်လအတွင်း ကျန်ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကို လုပ်ငန်းရှင် ကိုယ်တိုင်သုံးစွဲခြင်း၊ နိုင်ငံခြားငွေကြေးဈေးကွက် (Online Trading Platform) တွင် ရောင်းချရမည်ဖြစ်ကြောင်း UMFCCI ထံက သိရသည်။
“ပို့ကုန်၊သွင်းကုန် ကုမ္ပဏီတွေကို တစ်လအတွင်း ရငွေပြန်သွင်းရမယ် ဆိုတာ သတ်မှတ်ချက်ပဲ။ ဒါပေမယ့် သွင်းကုန်အတွက်က ပိုက်ဆံက ဒီကနေထွက်တာမရှိဘူး။ နိုင်ငံခြားအကောင့်မှာပဲ ပို့ကုန်ရငွေတွေကိုလွဲပြောင်းကြတာရှိတယ်။ ဘယ်ဘက်ကထဲက ပိုက်ဆံကို ညာဘက်ထဲထည့်ရမှာ ဒါပေမယ့်ဘယ်ဘက်ထဲကနေပဲ ပိုက်ဆံပေး လိုက်တဲ့သဘော။ ကုမ္ပဏီကြီးတွေကတော့ ပြည်တွင်းအကောင့်ကနေပဲ စစ်ကောင်စီ သတ်မှတ်ချက်အတိုင်းဒေါ်လာသွင်းတာလုပ်တယ်” ဟု Trading ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဒီဇင်ဘာ ၆ ရက်နေ့နောက်ပိုင်းထွက်သော Export Declaration (ED) များအတွက် ဝင်ရောက်လာမည့် ပို့ကုန်ရငွေများကို ၆၅ ရာခိုင်နှုန်းနှင့် ၃၅ ရာခိုင်နှုန်း သတ်မှတ် ချက်တွင်ပါဝင်ပြီး ယခင် ED များအတွက် ၅၀ ရာခိုင်နှုန်း၊ ၅၀ ရာခိုင်နှုန်းဖြင့် လဲလှယ်ရမည်ဖြစ်ကြောင်း Trading ကုမ္ပဏီတစ်ခုထံက သိရသည်။
ပို့ကုန်ရငွေသတ်မှတ်ချက်တွင် ပုံမှန်ကုန်သွယ်မှု၊ နယ်စပ်ကုန်သွယ်မှု၊ CMP လုပ်ငန်းများ ပါဝင်ကြောင်း စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ထံက သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#အမေရိကန်ဒေါ်လာ #ပို့ကုန်ရငွေ၃၅ရာခိုင်နှုန်း #ဗဟိုဘဏ်သတ်မှတ်စျေး #၂၁၀၀ကျပ် #စစ်ကောင်စီထံရောင်းချ #Ayeyarwaddy_Times