ဧရာဝတီတိုင်းမ်
(ကန်ပက်လက်)၊ ဒီဇင်ဘာ ၁၄ ရက်

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့၊ မြို့မဧရိယာအတွင်းရှိ တောတွင်းတနေရာတွင် ပြီးခဲ့သည့် ဒီဇင်ဘာ၊ ပထမအပတ်မှ စတင်၍ စစ်ဘေးသင့် ဒေသခံပြည်သူများအတွက် စစ်ဘေးရှောင်စခန်း ဆောက်လုပ်လျက်ရှိကြောင်း စစ်ဘေးရှောင်တာ၀န်ခံထံက သိရသည်။

ကန်ပက်လက်မြို့၊ မြို့မဧရိယာအတွင်းတွင် စစ်ဘေးရှောင်စခန်းစုစုပေါင်း သုံး ခုရှိပြီး ဆောက်လုပ်နေဆဲစစ်ရှောင်စခန်းများ အားလုံးအတွက် အမိုးလိုအပ်လျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ ခုလို စစ်ဘေးရှောင်စခန်းရှိလို့ အဆင်ပြေပါတယ်။ အညာကတင်းမှာ စစ်ဘေးရှောင်ဖို့ဆိုတာ ကားခမတတ်နိုင်ကြလို့ မသွားနိုင်ကြဘူး။ လက်နက်ကြီး၊ လက်နက်ငယ်၊ ကျည်ဆန်တွေကြားမှာ အသက်လုပြီး ပြေးလွှားနေကြရတွပါ။ စစ်ဘေး ရှောင်စခန်းဆောက်လုပ်တဲ့အခါ အခက်အခဲအများကြီးရှိပါတယ်။ အခင်းအကာ အတွက် တော့ အဆင်ပြေတယ်။ ဒါပေမယ့် အမိုးအတွက် ၀ယ်ဖို့ငွေကြေးလိုအပ်နေပါတယ်” ဟု စစ်ဘေးရှောင်တာဝန်ခံအမျိုးသားက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကန်ပက်လက်မြို့တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့(ကန်ပက်လက်)နှင့် စစ်ကောင်စီတပ်တို့ မကြာခဏတိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံပြည်သူများသည် မကွေးတိုင်း၊ ဆောမြို့နယ်၊ အညာကတင်းရွာသို့ စစ်ဘေးရှောင်နေကြပြီး သွားလာရန် အလွန်ခက်ခဲနေသည့်အတွက် ကန်ပက်လက်မြို့နယ်တွင် စစ်ရှောင်စခန်းအသစ် ဆောက်လုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

စစ်ရှောင်စခန်းအတွက် လိုအပ်နေသော အမိုးအတွက် ပါ၀င်လှူဒါန်းလိုပါက ဒေသသတင်းဌာနဖြစ်သည့် Kanpetlet Voice သို့ ဆက်သွယ်ပြီး ပါဝင်လှူဒါန်းနိုင်ကြောင်းသိရသည်။

ဓာတ်ပုံ-ဆောက်လုပ်နေဆဲ စစ်ရှောင်စခန်း။
#ချင်းပြည်နယ် #ကန်ပက်လက်မြို့နယ် #ဆောက်လုပ်နေဆဲစစ်ဘေးရှောင်စခန်း #အမိုးလိုအပ်နေ #Ayeyarwaddy_Times