
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၄ ရက်
စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်ရေးသည် ပအိုဝ်းအမျိုးသား၏ တော်လှန်ရေးမူ ဖြစ်သကဲ့သို့ အချင်းချင်းအကြား ပဋိပက္ခမဖြစ်အောင် အတတ်နိုင်ဆုံး ရှောင်ရှားနေပြီး စစ်အာဏာရှင်၏ လက်ကိုင်တုတ်အဖြစ်မှ ရုန်းထွက်ကြရန် ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) က ပန်ကြားသည်။
ပအိုဝ်းတို့၏ တော်လှန်ရေး ရည်မှန်းချက်မှာ အုပ်ချုပ်သူအပြောင်းအလဲ၊ အုပ်ချုပ်မှု အပြောင်းအလဲကို အခြေမခံဘဲ ခေတ်ပြောင်းစနစ်ပြောင်း တော်လှန်ရေးကို အခြေခံခဲ့သောကြောင့် ယနေ့အချိန်ထိ ဆက်လက်ဆင်နွှဲနေကြောင်း PNFC ၏ ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။
“စစ်အာဏာရှင်စနစ်နဲ့ မဟာလူမျိုးကြီးဝါဒ ဆန့်ကျင်တိုက်ဖျက်ရေးဆိုတာ ပအိုဝ်းတွေရဲ့ အဓိကအကျဆုံးသော တော်လှန်ရေးမူထဲမှာ ပါပါတယ်။ အဲဒီတော့ စစ်အာဏာရှင်စနစ်နဲ့ မဟာလူမျိုးကြီးဝါဒ ဆန့်ကျင်တိုက်ဖျက်ရေးကို အခြေခံပြီးတော့ အဖွဲ့အစည်းတွေက ပေါ်ပေါက်လာကြတာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ အဲဒီမူပေါ်မှာ ရပ်တည်ပြီးတော့ဆောင်ရွက်နေတာ ဖြစ်ပါတယ်” ဟု PNFC ဥက္ကဌ ခွန်မြင့်ထွန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အာဏာသိမ်း စစ်ကောင်စီသည် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရန် စနစ်ကို မပြောင်းလဲဘဲ အုပ်ချုပ်မှုပုံစံပြောင်းလဲရာတွင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အင်အားစုများအား ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များအဖြစ် အတင်းအကျပ် အသွင်ပြောင်းစေခြင်း၊ ဘွဲ့ထူးဂုဏ်ထူး၊ ရာထူးများပေး၍ လက်ကိုင်တုတ် များအဖြစ် သွတ်သွင်းခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ဒီနေ့ဒီအချိန်မှာ ကျွန်တော်တို့ ပအိုဝ်းတွေရဲ့ တော်လှန်ရေးမူကတော့ စစ် အာဏာရှင်စနစ် ဆန့်ကျင်တော်လှန် ရေးကို အခြေခံပြီးတော့မှ တပြည်လုံးမှာရှိတဲ့ ပြည်သူလူထု ကလည်း ဒီတော်လှန်ရေးမူပေါ်မှာ ရပ်တည်လုပ်တာ ဖြစ်တဲ့အတွက် ကျွန်တော်တို့က နွေဦးတော်လှန်ရေးမှာ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်။ တစ်ချိန်တုန်းက တော်လှန်ရေး အဖွဲ့တွေ ဖြစ်ခဲ့ပြီး လက်ရှိအချိန်မှာ စစ်အာဏာရှင်တွေရဲ့ လက်ကိုင်တုတ် အဖြစ်ကို ရောက်နေတဲ့သူတွေအနေနဲ့ ဒီကနေ ရုန်းထွက်ကြဖို့ ကျွန်တော်တို့ ပန်ကြား ထားပါတယ်” ဟု ခွန်မြင့်ထွန်းက ပြောသည်။
ပအိုဝ်းအမျိုးသား အချင်းချင်းအကြားအပြင် အခြားသော ညီနောင်တိုင်းရင်းသား များနှင့်လည်း ပဋိပက္ခမဖြစ်စေရေး အတတ်နိုင်ဆုံး ရှောင်ရှားမည်ဆိုသည့်မူကို PNFC အနေဖြင့် ချမှတ်ထားပြီး နွေဦးတော် လှန်ရေးတွင် ပါဝင်သည်ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ ကာလတစ်ခု၌ ပအိုဝ်းအမျိုးသား ညီလာခံတစ်ရပ်ကို ကျင်းပနိုင်ရန် အမြဲတမ်း ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရသည်။
“ပအိုဝ်းအမျိုးသား ညီလာခံတစ်ရပ်ကို ကျင်းပနိုင်တဲ့အချိန်မှာ ကျွန်တော်တို့ အကြား မှာလည်း ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ရမှာဖြစ်ပါတယ်။ ဒီအချိန်မှာတော့ သူ့အခြေအနေနဲ့ သူရပ်၊ ကိုယ့်အခြေအနေနဲ့ကိုယ်ရပ် ဘယ်လိုပဲဖြစ်ဖြစ် ပအိုဝ်း ပြည်ထောင်စုအရေးဟာ ပအိုဝ်းအရေးဖြစ်တယ်။ ပအိုဝ်းအရေးဟာလည်း ပြည်ထောင်စု အရေး ဖြစ်တယ်ဆိုတာ ခံယူချက်နဲ့ ကျွန်တော်တို့ကတော့ ဆက်လက်ရပ်တည် ရှင်သန်မှာ ဖြစ်ပါတယ်” ဟု PNFC ဥက္ကဌ ခွန်မြင့်ထွန်းက ဆိုသည်။
လတ်တလောတွင် ဒေသအတွင်း ပေါင်းစည်းရေး ကိစ္စရပ်များအတွက် ပအိုဝ်း အချင်းချင်း တွေ့ဆုံဆွေးနွေးခြင်း မရှိသေးသော်လည်း တစ်ဖွဲ့နှင့်တစ်ဖွဲ့အကြား ပဋိပက္ခ မဖြစ်အောင် အချင်းချင်းနားလည်ဖိုလို့သည်ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးခွန်မင်းသိမ်းက ပြောကြားသည်။
ပအိုဝ်းညီလာခံခေါ်ယူ ရေးနှင့်ပတ်သက်၍ “ဒါကတော့(ပအိုဝ်းညီလာခံခေါ်ယူရေး) တစ်နေ့တစ်ချိန်ကျရင် မလွှဲမသွေ ဆောင်ရွက်ရမယ့် ကိစ္စတစ်ခုပေါ့နော်။ လက်ရှိမှာ လည်း အဲဒီအတွက် ပြင်ဆင်ထားကြရင်တော့ ကောင်းမယ်ဆိုတဲ့ အတွေးတွေတော့ ဖြစ်ပေါ်စေပါတယ်” ဟု PNLO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးခွန်မင်းသိမ်းက ဧရာဝတီတိုင်းမ် ကို ပြောသည်။
လက်ရှိတွင် PNLO အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) ပါ အရပ်သား ကာကွယ်စောင့်ရှောက်မှု လုပ်ငန်းကို ဆောင်ရွက်နေပြီး အထူးသဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)ကို ရောက်ရှိလာသည့် စစ်ရှောင်ပြည်သူများကို စားနပ်ရိက္ခာများ တတ်နိုင်သမျှ ပံ့ပိုးကူညီပေးခြင်း၊ ၎င်းတို့ ထိန်းချုပ်ဒေသတွင် စစ်ရှောင်စခန်း ဖွင့်လှစ်ကူညီ ဆောင်ရွက်ပေးခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။
PNLO ၏ ရည်ရွယ်ချက်သည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဖြစ်ပြီး အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးဆိုသည့် ရည်မှန်းချက်များ လည်း ရှိနေကြောင်း PNLO သတင်း နှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး ခွန်မင်းသိမ်းက ဆိုသည်။
ဓာတ်ပုံ- PNFC
#ပအိုဝ်းအချင်းချင်း #ပဋိပက္ခမဖြစ်အောင်ရှောင်ရှား #တော်လှန်ရေးအဖွဲ့များ #စစ်အာဏာရှင်လက်ကိုင်တုတ် #ရုန်းထွက် #PNFCပန်ကြား #Ayeyarwaddy_Times