ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၄ ရက်

ဧရာဝတီတိုင်း၊ ဖျာပုံထောင်တွင်ပြစ်ဒဏ်ချမှတ်ခံထားရသည့် စစ်သားဟောင်းများကို စစ်ကောင်စီမှ ပြန်ခေါ်ရာတွင် ရာထူးတိုးကိစ္စအတွက် သဘောတူညီမှု မရသည့် အရာရှိသုံးဦးကို ထောင်သို့ပြန်ပို့ထားကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံကသိရသည်။

ဖျာပုံထောင်တွင်တပ်ပြေးမှုဖြင့် ပြစ်ဒဏ်ချမှတ်ခံထားရသည့်ခလရ-၉၈မှ ဗိုလ်ကြီးအဆင့်ရှိသူ မျိုးသန့်ဇင်အပါအဝင် သုံးဦးကို ရာထူးတိုးမြင့်ပေးရာ၌ စောဒကတက်မှုများရှိသည်ဟုဆိုကာ ပြီးခဲ့သည့်ဒီဇင်ဘာလ(၁၁)ရက်နေ့ က ဖျာပုံထောင်အတွင်းသို့ ပြန်လည်ပို့ဆောင်ခြင်းခံခဲ့ရခြင်း ဖြစ်သည်။

“တပ်ပြေး ဗိုလ်ကြီးအဆင့်ရှိသူ သုံးယောက်က အခုရာထူးထက် နှစ်ဆင့်တိုးပေးမှရှေ့တန်းသွားမယ်ပြောလို့ ချော့မော့ပြောပြီး ထောင်ထဲပြန်ပို့လိုက်တယ်။ အဲဒီထဲမှာဗိုလ်ကြီး မျိုးသန့်ဇင်ဆိုသူကအဆိုးဆုံးပဲ။ အဲ့ဒီကိစ္စက နတခဆီကိုတော့မရောက်သေးဘူး။ဒီအတိုင်းပဲလျို့ဝှက်ထားတယ်” ဟု ခလရ-၉၈နှင့်နီးစပ်သည့်တပ်သတင်းရင်းမြစ်က ပြောသည်။

ဖျာပုံထောင်တွင် ထောင်ကျနေသည့် စစ်ကောင်စီတပ်သား ၃၀ဦးကို ပြီးခဲ့သည့်ဒီဇင်ဘာ (၇) ရက်နေ့တွင် လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွှတ်ပေးခဲ့သည်။ ထို့နောက် ရာထူးတိုးဖြင့် ခလရ-၉၈ တပ်ရင်းတွင် မွမ်းမံသင်တန်းပေးခဲ့ပြီးတပ်ပြေးပြုလုပ်ပါက သေဒဏ်ချမှတ်ခံရည်ကို သိရှိကြောင်း လက်မှတ်ထိုးခိုင်းကာ ဒီဇင်ဘာလ ၁၀ရက်နေ့က ပဲခူးတိုင်းနှင့်ကရင်နီပြည်နယ်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

“တပ်ပြေး အယောက်၃၀ ကို အမျိုးသားနေ့ကရာထူးတိုးနဲ့ပြန်လွှတ်ပြီးတော့ ခလရ ၉၈ မှ မွမ်းမံသင်တန်းပေးလိုက်တယ်။တပ်ကနေထပ်ပြေးရင်သေဒဏ်ပေးမယ်ဆိုပြီးတော့တခါထဲလက်မှတ်ထိုးခိုင်းပြီး ပဲခူးနဲ့ကယားဘက်ကိုရှေ့တန်းပို့လိုက်ပြီ”ဟု ခလရ-၉၈ တပ်တွင်းသတင်းရင်းမြစ်က အတည်ပြု ပြောဆိုသည်။

ဖျာပုံထောင်တွင် တပ်ပြေးနှင့်အခြားပြစ်မှုများကြောင့် ထောင်ဒဏ်ချမှတ်ခံရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိနှင့်အခြားအဆင့် ၃၅ ဦးရှိနေပြီး တပ်ပြေး ၃၀ဦးကို ‌တိုင်းစစ်ဌာနချုပ်မှရှေ့တန်းသို့စေလွှတ်ထားသည်။

#ဖျာပုံအကျဉ်းထောင် #နတခ #ထောင်ကျစစ်သား #စစ်ကောင်စီတပ်မှပြန်လည်ခေါ်ဆောင် #တပ်ပြေးအရာရှိအချို့စောဒကတက် #Ayeyarwaddy_Times