
ဇလပ်ဖြူ / ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၄ ရက်နေ့
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ခမ်းပါတ်မြို့ကို ပြန်လည်သိမ်းယူရန်အတွက် ဒီဇင်ဘာ ၁၂ရက်နေ့က ကလေးမြို့ဒေသကာကွယ်ရေးစစ်ဌာနချုပ် (ကလေး – ဒကစ) မှစစ်ကူ စေလွှတ်လိုက်သည့် စစ်ကောင်စီ စစ်ကြောင်းက ခန်းပါတ်နှင့်ကလေးကြားရှိ ကျေးရွာများမှ ဒေသခံပြည်သူ (၁၀)ဦးနီးပါးကို ဓားစာခံအဖြစ် ဖမ်းဆီးသွားကြောင်း သတင်းရင်းမြစ်များထံက သတင်းရရှိသည်။
တမူးခရိုင်၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ်တပ်ပေါင်းစုများက နိုဝင်ဘာ ၆ရက်နေ့တွင် သိမ်းပိုက်ခဲ့သည့် ခမ်းပါတ်မြို့ကို ပြန်လည်သိမ်းပိုက်ရန်အတွက် ဒီဇင်ဘာ ၁၂ရက်နေ့တွင် ကလေးမြို့မှ ချီတက်လာသည့်အင်အား (၈၀)ဝန်းကျင်ပါရှိသော စစ်ကောင်စီစစ်ကြောင်းသည် အရပ်သား(၁၀) ဦးနီးပါးကို ဓားစာခံအဖြစ်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု သိရသည်။
“လောလောဆယ်တော့ ခြောက်ယောက်ကနေ ၁၀ယောက်ကြားရှိတယ်၊လယ်တောထဲရောက်နေတဲ့ အမျိုးသားတွေ ချည်းဆိုတာလောက်ပဲ သိရသေးတယ်။ လမ်းမကြီးအတိုင်းလာဖို့က ဟိုဖက်ဒီဖက် တော်လှန်ရေး အင်အားစုတွေက နယ်မြေစိုးမိုးထားတာဆိုတော့ တောလမ်းကနေ ခြေလျင်သွားဖို့ လမ်းပြသဘောမျိုး ဖမ်းသွားတာဖြစ်ရမယ်။ နောက်ဆက်တွဲတော့ အသေးစိပ်မသိရသေးပါဘူး” ဟု တမူးခရိုင်၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့က ဧရာဝတီတိုင်းမ်ကိုပြောသည်။
ခမ်းပါတ်မြို့သည် ကလေးမြို့မှ မိုင် (၅၀)ခန့်၊ တမူးမြို့မှ (၃၄)မိုင်ခန့် ကွာဝေးကာ အိန္ဒိယ – မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းပေါ်တွင်တည်ရှိ၍ စီးပွါးရေးနှင့်ကူးသန်းရောင်းဝယ်ရေးအတွက် အဓိကကျရုံမက စစ်ရေးလမ်းကြောင်းအတွက်ပါ အခရာကျသောကြောင့် စစ်ကောင်စီအနေဖြင့် လက်လွှတ်မခံနိုင်ဘဲ ပြန်လည်သိမ်းပိုက်နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကဆိုသည်။
“အသည်းအသန်ကို ကြိုးစားနေတာ။ လေကြောင်းနဲ့လည်း နေ့တိုင်းဗုံးလာကြဲတယ်။ ကျွန်တော်တို့ဘက်က ထိခိုက်မှုတွေတော့ အနည်းကျဥ်းရှိပါတယ်။ မြေပြင်မှာလည်း ပြောက်ကျားပုံစံနဲ့ ပျူတွေနဲ့ စစ်ကောင်စီတပ်တွေက လာလာချောင်းပစ်တာတွေရှိတယ်။ လေကြောင်း အန္တာရယ်လည်း စိတ်မချရသေးလို့ ပြည်သူတွေကိုတော့ အကုန်ရှောင်ခိုင်းထားပါတယ်”ဟု ခန်းပါတ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးကဆိုသည်။
လက်ရှိတွင် ကလေး ကဘော် တစ်ကြော စစ်ရေးတင်းမာမှုများကြောင့် ခန်းပါတ်ဒေသခံပြည်သူ တစ်သောင်းနီးပါး စစ်ဘေးရှောင်နေရပြီး အများစုကို ခန်းပါတ်မြို့နယ် ပအဖ က စောင့်ရှောက်ထားကာ တောတောင်များထဲတွင် တိမ်းရှောင်နေရသူများအတွက် စားသောက်ရေးနှင့် နေရေးထိုင်ရေး အတွက် အကူညီများလိုအပ်နေသည်ဟု စစ်ရှောင်ကူညီသူများက ပြောသည်။
ပုံစာ – ခမ်းပါတ်မြို့
#ခန်းပါတ်မြို့ #အိန္ဒိယနယ်စပ် #ကလေးကဘော်အရပ်သားဖမ်းဆီး #စစ်ရှောင်
#Ayeyarwaddy_Times