ဧရာဝတီတိုင်းမ်
(ကျောက်တံခါး)၊ ဒီဇင်ဘာ ၁၄ ရက်

ပဲခူးတိုင်း၊ ကညွတ်ကွင်းမြို့အနီးရှိ စစ်ကောင်စီစခန်းငယ်တစ်ခုကို ယမန်နေ့ ဒီဇင်ဘာ ၁၃ ရက်နေ့ နံနက်အစောပိုင်းတွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ရာ စခန်းတစ်ခုလုံး သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ကညွတ်ကွင်းမြို့နှင့် ဘုရားလဟာရွာသို့ ဆက်သွယ်ထားရာလမ်းရှိ ကညွတ်ကွင်း အခြေစိုက် ခမရ-၄၃၉ တပ်ရင်းမှ တပ်ဖွဲ့ဝင်များ တပ်စွဲထားရာ စစ်ကောင်စီစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စခန်းရှိ စစ်ကောင်တပ်ဖွဲ့ဝင် ခုနစ် ဦးလုံးသေဆုံးခဲ့ကြောင်း သိရသည်။

“ဘုရားငါးဆူမှာ တပ်စွဲထားတဲ့ ခမရ-၄၃၉တပ်က တပ်ဖွဲ့ဝင်အင်အား ခုနစ် ဦးကို ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့တာ အလောင်း ခုနစ်လောင်း လောင်းရရှိခဲ့ပြီး လက်နက် ခဲယမ်း တချို့ပါသိမ်းဆည်းနိုင်ခဲ့တယ်” ဟု မြေပြင် တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါစခန်းမှ သေနတ် ခြောက် လက်အပြင် ကျည်ဘောက်များ၊ လက်နက်ကြီး ကျည်များ၊ လက်နက်ငယ်ကျည်ဆံများ၊ လက်ပစ်ဗုံးများနှင့် အခြားခဲယမ်းနှင့် ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်းလည်း သိရသည်။

အဆိုပါစစ်‌ကောင်စီစခန်း တိုက်ခိုက်ခံရပြီးနောက် တစ်ဆက်တည်းရှိ ဖြူးမြို့နယ် အတွင်းမှ အင်အား ၆၀ ဝန်းကျင်ရှိ ညောင်ပင်သာရဲစခန်းတိုက်ခိုက်ခံရပြီး စခန်းသိမ်းပိုက် နိုင်ခဲ့ကာ တပ်သား ၃၀ ကျော်သေဆုံးကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်း ရမိခဲ့ကြောင်းလည်း သိရသည်။

ညောင်ပင်သာရဲစခန်းနှင့် ဘုရားငါးဆူစခန်းအနီးဝန်းကျင်တွင် ပဲနွယ်ကုန်းအခြေစိုက် ခမရ-၃၀၇ တပ်ရင်း၊ ကညွတ်ကွင်းအခြေစိုက် ခမရ-၄၃၉ တပ်ရင်း၊ ဖြူးအခြေစိုက် ခမရ-၃၀၆ တပ်ရင်း၊ညောင်ပင်သာအခြေစိုက် ခလရ-၅ စသည့် စစ်ကောင်စီ တပ်ရင်းများ အခြေစိုက်ထားကြောင်းလည်းသိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်။
ပုံစာ – ဘုရား ငါးဆူစခန်းမှ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ

#ကျောက်တံခါး #ဘုရားငါးဆူစစ်ကောင်စီစခန်း #စခန်းသိမ်းနိုင် #စစ်ကောင်စီတပ်ဖွဲ့ဝင်၇ဦးသေဆုံး #လက်နက်၆လက်ရ #KNLA #PDF #Ayeyarwaddy_Times