
ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဒီဇင်ဘာ ၁၄ ရက်
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာရှိ နေအိမ်များမှ ရွှေ ၊ ပိုက်ဆံ နှင့် ဆိုင်ကယ်များကို စစ်ကောင်စီတပ်က ဓားပြတိုက် လုယူသွားကြောင်း ဒေသခံများက သိရသည်။
စစ်ကောင်စီတပ်သည် ယမန်နေ့ ဒီဇင်ဘာလ ၁၃ ရက် ည ၁၁ နာရီ ကျော်ခန့်က ညင်းမော်ကျေးရွာကို ရောက်ရှိလာကြပြီး နေအိမ် ၃၀ ခန့်မှ စုစုပေါင်း သိန်းငါးရာ ကျော်တန်ဖိုးရှိသည့် ရွှေ ၊ပိုက်ဆံ၊ ဆိုင်ကယ် နဲ့ ဖုန်းတို့ကို သိမ်းယူသွားခြင်းဖြစ်ကြောင်း သိရသည်။
“စစ်ကား ငါးစီး နဲ့ရုတ်တရက် ရွာထဲကိုရောက်လာကြတယ်။ ပြီးတာနဲ့ အိမ်တွေကို ရိုက်နှက်ဖျက်ဆီး ပြီး ဝင်ရောက်မွှေနှောက်သွားတယ်။ ရွှေတွေပါတဲ့သူကပါ။ ပိုက်ဆံပါ တဲ့သူတွေကလည်းပါ။ ဆိုင်ကယ်ပါတဲ့သူတွေကပါနဲ့ တော်တော်များများပါတယ်” ဟု ညင်းမော်ရွာ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ညင်းမော်ရွာရှိ နေအိမ်များမှ စစ်ကောင်စီတပ်ကခိုးယူသွားသည်မှာ ငွေကျပ် သိန်း ၁၃၀ ကျော်၊ ရွှေ ကိုးကျပ်သား ၊ ဆိုင်ကယ် ခြောက် စီး နှင့် ဘေးတွဲဆိုင်ကယ် တစ်စီး၊ ဖုန်းအလုံးပေါင်း ၂၀ ကျော်တို့ဖြစ်ကြောင်း ဒေသခံ များကဆိုသည်။
ညင်းမော်ကျေးရွာရှိ နေအိမ်များမှ ပစ္စည်းများကို ခိုးယူသွားသော စစ်ကောင်စီတပ်သည် ည ၁၂ နာရီကျော်ခန့်တွင် လောင်းလုံးမြို့ပေါ်သို့ ပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။
လောင်းလုံးမြို့ ညင်းမော်ရွာရှိ နေအိမ်များမှ ပစ္စည်းများကို သိမ်းယူသွားသူများတွင် လောင်းလုံးမြို့ပေါ် အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် ရဲတပ်ဖွဲ့ဝင်များ အပြင် ပျူစောထီးများ ပါဝင်ကြောင်းသိရသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒေသခံများကို ဖမ်းဆီးစစ်ဆေးခြင်းမရှိဘဲ တန်ဖိုးကြီး ပစ္စည်းများကိုသာ သိမ်းယူသွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
ပုံစာ-စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးသွားသည့် ညင်းမော်ကျေးရွာက နေအိမ်များ
#လောင်းလုံးမြို့ #ညင်းမော်ရွာ #စစ်ကောင်စီတပ် #ကျပ်သိန်း၅၀၀ကျော် #ရွှေပိုက်ဆံ #ဆိုင်ကယ်များ #ဓားပြတိုက်လုယူ #Ayeyarwaddy_Times