
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၄ ရက်
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ အမှတ် ၂ ရပ်ကွက်ရှိ စစ်ကောင်စီ၏ တပ်စခန်းကို ရက္ခိုင့်တပ်တော်(AA)က ယနေ့ နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
ပလက်ဝ-ဆမီး ကားလမ်းပေါ်ရှိ စစ်ကောင်စီ၏ အင်အား ၂၀ ခန့် ဖြင့် စခန်းချတပ်စွဲထားသည့် ရင်ကွဲတောင်ဂိတ်ကို ရက္ခိုင့်တပ်တော်(AA) မှ ယနေ့ ဒီဇင်ဘာ ၁၄ ရက်၊ နံနက် ၆ နာရီခန့်တွင် သွားရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု တစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
“ဒီမနက် ၆ နာရီလောက်ကစပြီး သေနတ်ပစ်ခတ်သံတွေ ကြားနေရတယ်။ နောက်မှ ကျွန်တော်တို့ အမှတ် ၂ ရက်ကွက်နဲ့ နှစ်မိုင်လောက်မှာရှိတဲ့ ရင်ကွဲတောင်ဂိတ်မှာ တိုက်ပွဲဖြစ်တယ်ဆိုတာ သိရတယ်။ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှု ရှိမယ်ထင်တယ်။ ဒဏ်ရာရတဲ့ လူနာတွေ ထမ်းတာတော့ မြင်လိုက်တယ်။ အတိကျတော့ မသိရသေးဘူး”ဟု ဆမီးမြို့ ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမူရှိနိုင်ပြီး ထိခိုက်ဒဏ်ရာရသည့် လူနာများကို စစ်ကောင်စီ၏ ဆမီးဗျူဟာကုန်းသို့ ပို့ဆောင်ထားကြောင်း သိရှိရသည်။
ထိုအပြင် ဆမီးမြို့ အမှတ် ၂ ရက်ကွက်ရှိ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် လေးဦးသည် ဒီဇင်ဘာ ၁၂ ရက်နေ့က လက်နက်အပြည့်စုံနှင့် ထွက်ပြေးသွားကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၄ ရက်နေ့ကလည်း ဆမီးမြို့ ဘားဝရပ်ကွက်ရှိ စစ်ကောင်စီ၏ တပ်စခန်းကို ချင်းအမျိုးသားတပ်မတော် (CNA)က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့ပြီး သေနတ် တစ်လက် သိမ်းဆည်းရမိခဲ့သည်။
ပုံ- ဆမီးမြို့
#ချင်းပြည် #ပလက်ဝ #ဆမီးမြို့ #စစ်ကောင်စီဂိတ် #ရက္ခိုင့်တပ်တော်AA #ရင်ကွဲတောင်ဂိတ်