ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၄ ရက်

မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတေွ ပြင်းထန်လာစဉ် ထိုင်း နိုင်ငံက မြန်မာ့အရေး ချည်းကပ်မှုပုံစံ ပြောင်းလဲလာပြီး လူသားချင်းစာနာမှု အခန်းကဏ္ဍတစ်ရပ်မှ ပါဝင်ဖို့ အ လေးထားလာတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံက ကစဉ့်ကလျားအခြေအနေ ဖြစ်ပေါ်ခဲ့ပြီး တိုင်းပြည်တစ်ဝှမ်း တိုက်ပွဲတွေ ပျံ့နှံ့လာခဲ့ပါ တယ်။

တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် ဒုက္ခသည်တွေဟာ ကီလိုမီတာ ၂၄၀၀ ရှည်လျားတဲ့ နယ်စပ်ကို ဖြတ်ကျော်ကာ ထိုင်းနိုင်ငံထဲကို ဝင်ရောက်လာမယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ ထိုအချက်က မြန်မာ ဒုက္ခသည်တွေကို ကူညီပေးဖို့ ထိုင်းအစိုးရကို တွန်းအားပေးနေတယ်လို့ ဆိုပါတယ်။

မြန်မာဒုက္ခသည်တွေကို လက်ခံမယ့် ယာယီစစ်ရှောင်စခန်းတွေ တည်ဆောက်ဖို့ ထိုင်းနိုင်ငံက အသင့်ရှိ တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်နီးဘာဒီဒါနူကာရာက ဒီလအစောပိုင်းမှာ ပြောကြားခဲ့တယ်လို့ ဗန်ကောက် ပို့စ်သတင်းစာက ဖော်ပြခဲ့ပါတယ်။

“အကြမ်းဖက်မှုတွေ တိုးလာခဲ့ရင် ဒုက္ခသည်တွေက ထိုင်းနိုင်ငံထဲကိုသာမက နေရာအားလုံးကို ရောက်လာနိုင်ပါတယ်” လို့ နူကာရာကို ကိုးကားပြီး ဗန်ကောက်ပို့စ်သတင်းစာက ဖော်ပြခဲ့ပါ တယ်။

ပဋိပက္ခကာလအတွင်း မြန်မာနိုင်ငံရှိ စစ်ဘေးရှောင်တွေအတွက် လူသားချင်းစာနာမှုအကူအညီ ပေးအပ် နိုင်မယ့် အထူးလုပ်ငန်းအဖွဲ့ ဖွဲ့စည်းဖို့ မြန်မာနိုင်ငံနဲ့ သဘောတူခဲ့တယ်လို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့ တဲ့အပတ်အတွင်း ပြောကြားခဲ့ပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်နီးဘာဒီဒါနူကာရာက စစ်ကောင်စီခန့် ဒုတိ ယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဉီးသန်းဆွေနဲ့ တွေ့ဆုံပြီးနောက် အခုလို ကြေညာခဲ့တာဖြစ်ပါတယ်။

ထိုင်းအစိုးရက မြန်မာနဲ့ပတ်သက်ပြီး မတူညီသောနည်းလမ်းတစ်ရပ် လုပ်ဆောင်နေပေမယ့် ပဋိပက္ခဖြေ ရှင်းလိုပါက အားလုံးပါဝင်ရေးလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ဗန်ကောက်မြို့တော်အခြေစိုက် နိုင်ငံရေးသုံးသပ်လေ့ လာသူ သစ်တီနန်ပေါင်ဆူဒီရတ်ခ်က ပြောပါတယ်။ “ပရာယွပ်အစိုးရနဲ့နှိုင်းယှဉ်ရင် သာဗီဆင်းအစိုးရက မြန်မာ့အ ရေးနဲ့ပတ်သက်ပြီး မတူညီသောချည်းကပ်မှုအဖြစ် လူသားချင်းစာနာမှု အခန်းကဏ္ဍကနေပါဝင်ဖို့ လုပ်ဆောင်နေ ပါတယ်” လို့ သူက VOA ကို ပြောပါတယ်။

ထိုင်းအစိုးရဟာ ယခုအချိန်ထိ မြန်မာစစ်ကောင်စီနဲ့သာ ထိတွေ့ဆက်ဆံနေဆဲပဲလို့ သူက ထောက်ပြပါ တယ်။ ထိုင်းအစိုးရအနေနဲ့ မြေပြင်ရှိ အရပ်ဘက်အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်တွေနဲ့ ဘေးဒဏ်သင့် တိုင်းရင်းသားလူ နည်းစုအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်ပါတယ်လို့ သူက ဆိုပါတယ်။ “တိုက်ပွဲတွေက ပိုပြင်းထန်လာပြီး ပြည်သူတွေ ထပ်မံပြီး အိုးအိမ်စွန့်ခွာနေရပါတယ်။ လူပေါင်း ထောင်ပေါင်းများစွာ ဘေးမသင့်ပေမယ့် အရေးကြီး တဲ့အခြေအနေလို့ ကျွန်တော်ထင်ပါတယ်” လို့ သူက ပြောပါတယ်။

အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်က အတိုက်အခံတွေကို အကြမ်းဖက်နှိမ်နင်းခဲ့ပါတယ်။ ဖြုတ်ချ ခံ နိုင်ငံရေးသမားတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဖွဲ့စည်းကာ တက်ကြွလှုပ်ရှားသူတေွက စစ်ကောင်စီကို ခုခံဖို့ လက်နက်စွဲကိုင်ကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူး ပေါင်းခဲ့ပါတယ်။

အောက်တိုဘာလကုန်မှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ “၁၀၂၇ စစ်ဆင် ရေး” ကို စတင်ခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာ ထိုးစစ်ဆင်မှုအဖြစ် ပြောင်းလဲသွားကာ စစ်ကောင်စစ်စခန်းတွေ၊ မြို့/ရွာတွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ ထိုးစစ်ဆင်မှုက စစ်ကောင်စီအတွက် ၂၀၂၁ ခု နှစ် အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း အကြီးမားဆုံး စိန်ခေါ်မှုဖြစ်လာခဲ့ပါတယ်။

ထိုင်းနိုင်ငံကလုပ်ဆောင်မယ့် မည်သည့်အခန်းကဏ္ဍကမဆို ယခင်ခေါင်းဆောင်ပိုင်းရဲ့မူဝါဒနဲ့မတူဘဲ အ ပြောင်းအလဲတစ်ရပ် ဖြစ်လာမှာဖြစ်ပါတယ်။ ထိုင်းအစိုးရသစ်ကို ဝန်ကြီးချုပ် ဆရက်သာသာဗီဆင်းက ဉီးဆောင် နေပြီး စစ်တပ်အကြးအကဲသစ်အဖြစ် ဗိုလ်ချုပ်ကြီး ဆောင်ဝစ်နွန်ပတ်ခ်ဒီကို အောက်တိုဘာလမှာ ခန့်အပ်ခဲ့ပါ တယ်။

“ပရာယွပ်ချန်အိုချာလက်ထက်မှာ အထူးသဖြင့် မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း ထိုင်းနဲ့ မြန်မာက အလွန် နီးကပ်မှုရှိခဲ့ပါတယ်” လို့ ဗန်ကောက်မြို့တော်၊ ကာဆက်ဆတ်တက္ကသိုလ်မှ အရှေ့တောင်အာရှ သမိုင်းကထိက လာလီတာဟန်ဝေါင်က ပြောပါတယ်။ “ထိုင်းကာကွယ်ရေးဉီးစီးချုပ်သစ်က ပိုအမြော်အမြင်ရှိပြီး မြန်မာ့အရေးနဲ့ပတ်သက်လို့ သူက အပြောင်းအလဲလုပ်ချင်ပါတယ်။ လွှတ်တော်၊ အစိုးရနဲ့ လူသားချင်းစာနာမှုအဖွဲ့ တွေကြားမှာလည်း ဆွေးနွေးမှုတွေ အများအပြားရှိခဲ့ပါတယ်” လို့ သူက ပြောပါတယ်။

“ထိုင်းအစိုးရသစ်က ပရာယွပ်အစိုးရသစ်ထက် ပိုအကောင်းမြင်တာ သေချာပါတယ်။ ထိုင်းနိုင်ငံက မြန်မာ နိုင်ငံရှိ သက်ဆိုင်သူတွေကြား စေ့စပ်ညှိနှိုင်းသူအဖြစ် လုပ်ဆောင်ဖို့ ကမ်းလှမ်းခဲ့တယ်လို့ ထင်ပါတယ်။ မြန်မာနိုင်ငံ ရှိ သက်ဆိုင်သူတွေ ထိုင်းနိုင်ငံမှာ ငြိမ်းချမ်းရေး ဆွေးနွေးကြဖို့ မျှော်လင့်ပါတယ်” လို့ လာလီတာက VOA ကို ပြော ပါတယ်။

ထိုင်းအစိုးရက အကူအညီပေးမယ်ဆိုတဲ့ မကြာသေးမီက ကတိကဝတ်တွေက မြန်မာနိုင်ငံမှာ သိပ်မထူး ခြားဘူးလို့ ဩစတြေးလျနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဉီးထွန်းအောင်ရွှေက ပြောပါတယ်။
ထိုင်းနိုင်ငံရဲ့ အကူ အညီပေးမှုမှာ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး ပါဝင်ရမယ်လို့ သူက ပြောပါတယ်။

“စစ်ကောင်စီရဲ့ အတိုက်အခံတွေကို အင်အားချိနဲ့စေမယ့် လူသားချင်းစာနာမှု အကျပ်အတည်း ဖန်တီးမှု ကြောင့် မြန်မာပြည်သူတွေက ဒီပူးပေါင်းဆောင်ရွက်မှုကို အလွန်အမင်း စိုးရိမ်နေကြပါတယ်” လို့ သူက ပြောပါ တယ်။ လက်ရှိမှာ သန်းနဲ့ချီသော ဘေးသင့်ပြည်သူတွေ၊ အသိုင်းအဝိုင်းတွေက NUG နဲ့ မဟာမိတ်တွေရဲ့ ထိန်း ချုပ်မှုအောက်ရှိ ဒေသတွေမှာ နေထိုင်နေကြကြောင်း၊ ထိုင်းအစိုးရရဲ့ မြန်မာ့အရေးပါဝင်မှုက NUG၊ မဟာမိတ်တွေ နဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဉီးစားပေးသင့်ကြောင်း သူက ထောက်ပြပါတယ်။

“ရည်ရွယ်ချက်က ကောင်းမွန်ပေမယ့် NUG၊ မဟာမိတ်တွေနဲ့ ထိတွေ့ဆက်ဆံမှု မပြုလုပ်ဖူးဆိုရင် ထိုင်း နိုင်ငံရဲ့ကြိုးပမ်းမှုက အလိုရှိတဲ့ ရလဒ်ကောင်း ထွက်ပေါ်မှာမဟုတ်ဘူး” လို့ သူက ပြောပါတယ်။

ထိုင်းအစိုးရသစ်က မြန်မာစစ်ရှောင်တွေကို ကူညီမယ်လို့ ကတိပေးပေမယ့် အောက်တိုဘာလနှောင်းပိုင်း တိုက်ပွဲတွေကြောင့် ခိုလှုံနေတဲ့ ထောင်နဲ့ချီတဲ့ မြန်မာဒုက္ခသည်တွေကို ထိုင်းနိုင်ငံဟာ မကြာသေးမီက နေရပ်ပြန်ပို့ ခဲ့တယ်လို့ နယူးယောက်မြို့တော်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

မြန်မာဒုက္ခသည် ၉၁၀၀၀ ခန့်ဟာ ထိုင်းနိုင်ငံမှာ ခိုလှုံနေတာ ဆယ်စုနှစ်ချီ ကြာမြင့်ခဲ့ပြီဖြစ်ပြီး အာဏာ သိမ်းမှုနောက်ပိုင်း စစ်ရှောင် ၄၅၀၀၀ ထိုင်းနိုင်ငံသို့ ထပ်မံရောက်လာခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ အချက်အလက်တွေ အရ သိရပါတယ်။ ထိုင်းနိုင်ငံဟာ ၁၉၅၁ ခုနှစ် ဒုက္ခသည်များဆိုင်ရာ ကွန်ဗင်းရှင်းကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းပြည်မဟုတ်ပေမယ့် တိုင်းပြည်တွင်း ဒုက္ခသည်တွေကို ကာကွယ်ပေးဖို့ ကြိမ်ဖန်များစွာ ကတိပြုခဲ့ပါတယ်။

ကိုးကား – VOA
Ref; Is Thailand Changing its Role on Myanmar?

#Ayeyarwaddy_Times