ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၃ ရက်

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ် အင်ပင်မြို့တွင် အသက် ၇၀ ကျော်အမျိုးသား မှ အသက် ၃၇နှစ်ကျော် ငယ်သော ၄င်း ၏ ဇနီးသည်အား ဓားဖြင့် ခုတ်သတ်ခဲ့ကြောင်း သတင်းရရှိသည်။

မြန်အောင်မြို့နယ် အင်ပင်မြို့ မြောင်ကြီးကျေးရွာတွင် နေထိုင် သော ဦးမြင့်သိန်း နှင့် ဇနီးဖြစ်သူ တို့မှာ ဒီဇင်ဘာ ၁၁ရက် ည ၇ နာရီခန့်က စကားများ ရန်ဖြစ်ရာမှ နေအိမ် မီးဖိုခန်း အတွင်းရှိ ဓားမတိုဖြင့် ဇနီးဖြစ်သူ မခင်မြနွယ်အား ဦးခေါင်း ကို ခုနှစ်ချက် ခုတ်ခဲ့ရာ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ရန်ဖြစ်လို့ သေပြီးတော့မှ ဘေးကလူတွေက ရာအိမ်မှူးဆီ အကြောင်းကြားပြီး အုပ်ချုပ်ရေးပိုင်းကနေ တဆင့် ဆက်အကြောင်းကြားလို့ အင်ပင်စခန်းက လာဖမ်းသွားတယ် “ဟု အင်ပင်မြို့ မှ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီလက်ထက်တွင် ဥပဒေစိုးမိုးမှုအားနည်းသည့်အပြင် လာဘ်စားမှုများ မြင့်ဆက်လာသည့်အတွက် ရာဇဝတ်မှုများ ပိုမိုများပြားလာခဲ့ကြောင်း ပြည်သူများက သုံးသပ်ပြောကြားသည်။

“အခုက အရင်လို တရားဥပဒေစိုးမိုးမှုမရှိတော့ဘူး။ အရင်က ဥပဒေစိုးမိုးရေးအတွက် ပညာပေးတွေအရမ်းလုပ်ကြတယ်။ အမေစုလက်ထက်မှာက ဥပဒေအတိုင်းဆောင်ရွက်ကြတယ်။ အခုက သိလို့အမှုဖွင့်မယ်ဆိုရင်တောင် ကိုယ်က ငွေအရင်ပေးမှ အမှုဖွင့် ပေးတာ “ဟု မြန်အောင်မြို့နယ်မှ အမျိုးသားတစ်ဦးက သုံးသပ်ပြောဆိုသည်။

အခင်းဖြစ်ရာနေအိမ်မှ မခင်မြနွယ်၏ အလောင်းအား အင်ပင်ရဲစခန်းမှ လာရောက်စစ်ဆေးရာ ဇက်ပိုးလေးလက်မကျော်ခန့် ပြတ်ရှဒဏ်ရာတစ်ချက်၊ ယာနားထင်လေးလက်မခန့် ပြတ်ရှဒဏ်ရာနှစ်ချက်၊ ယာပါး သုံးလက်မကျော် ခန့်ပြတ်ရှဒဏ်ရာ တစ်ချက်၊ ယာပုခုံးတွင် ပြတ်ရှဒဏ်ရာ သုံးချက်ရရှိခဲ့ပြီး သေဆုံး ခဲ့ကြောင်း သိရသည်။ တရားခံ ဦးမြင့်သိန်းအား အင်ပင်ရဲစခန်းမှ (ပ)၇၂/၂၀၂၃ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း ဒေသတွင်းအရင်းမြစ်များထံမှသိရသည်။

#မြန်အောင်မြို့နယ် #အင်ပင်မြို့ #အသက် ၇၀ #အမျိုးသား #ဇနီးသည်အား #ဓားဖြင့်ခုတ်သတ် #Ayeyarwaddy_Times