ဇလပ်ဖြူ/ ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၃ ရက်

တမူးမြို့နယ်အထက်ပိုင်းတွင် စစ်ကောင်စီ ၏ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လာနိုင်သည့်အတွက် ဒေသခံပြည်သူများအနေဖြင့် သတိဝီရိယဖြင့်နေထိုင်ရန် နှိုးဆော်ထားကြောင်း စစ်ဘေးရှောင်များကို ကူညီနေသူများထံက သိရသည်။

လက်ရှိတွင် သနန်၊ အောင်ဇေယျ အနီးတဝိုက်ကို စစ်ကောင်စီက လေကြောင်းနှင့် ပစ်ခတ်တိုက်ခိုက် နေသောကြောင့် အောင်ဇေယျရွာနှင့်အနီးတဝိုက်ရှိ ဖိုင်လင်း၊စေတီ၊မှန်တော၊သနန်၊စိုးသာယာစသည့် ကျေးရွာများမှ ဒေသခံပြည်သူ ၅၀၀၀ ခန့်သည် စစ်ဘေးရှောင်ကာ ထွက်ပြေးနေရပြီး အများစုမှာ အိန္ဒိယနိုင်ငံ ဖက်ခြမ်းသို့တိမ်းရှောင်၍ အချို့မှာ တောတောင်များထဲတွင် ပုန်းအောင်းနေရသည် စစ်ဘေးရှောင်ကူညီသူများက ပြောသည်။

“တိုက်ပွဲက လုံးလုံးကြီးမပြီးသေးဘူး။ တစ်ဖက်က လေယာဥ်နဲ့အချိန်မရွေး လာပစ်သွားနိူင်တယ်။ ကျွန်တော်တို့စောင့်ရှောက်ထားတဲ့ စစ်ရှောင်တွေကိုတော့ အတတ်နိုင်ဆုံး ထောက်ပံ့ကူညီထားပါတယ်။ တောထဲတောင်ထဲပြေးနေကြသူတွေလည်းရှိနေတယ်။ တစ်ချို့က တိုက်ပွဲနည်းနည်းငြိမ်ရင် အိမ်ပြန်လာပြီး ထမင်း ဟင်းချက်စား၊ အလုပ်တွေလုပ်၊ လေယာဥ်သံကြားရင်နီးရာတောထဲပြန်ပြေးကြနဲ့ ဆိုတော့ အန္တရယ်များတဲ့အနေအထားပါပဲ” ဟု စစ်ရှောင်ကူညီသူတစ်ဦးက ဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်အထက်ပိုင်း၊ စစ်ကောင်စီနှင့်ပူးပေါင်းအဖွဲ့များဖြစ်သောSNA ရှမ်းနီတပ်၊ UNLF ကသည်းတပ်နှင့် ပျူစောထီးအဖွဲ့များ အထိုင်ချ စိုးမိုးထားရာ အောင်ဇေယျ ကျေးရွာစခန်းကို ကူကီးအမျိုးသားတပ်နှင့် တမူးခရိုင်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက ဒီဇင်ဘာ ၁၀ရက်နေ့ နံနက် ၈နာရီဝန်းကျင်တွင်သိမ်းပိုက်ခဲ့သည့်အတွက် စစ်ကောင်စီအနေဖြင့် အရပ်ဘက် ပစ်မှတ်များကိုပါ တိုက်ခိုက်လာ နိုင်သည့်အတွက် စစ်ရှောင်များအတွက် စိုးရိမ်ပူပန်နေခြင်းလည်း ဖြစ်သည်။

“သနန်ကိုသိမ်းပြီးကတည်းက ချက်ချင်းပဲ အောင်ဇေယျအတွက် သေချာစီစဥ်နေခဲ့တာ။ စုစုပေါင်းလေးရက်လောက်တော့ ကြာတယ်။ သူတို့ဖက်ကလည်း နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်တဲ့ အခါကျတော့ လုံးဝလက်လွှတ်ခံလို့မရဘူးလေ။ အဲ့တော့ လေကြောင်းနဲ့ တိုက်ပွဲဖြစ်နေချိန်အတွင်း တောက်လျှောက်ခုခံတယ်။ မဆိုင်တဲ့ရွာတွေလည်း လေကြောင်းနဲ့ လိုက်ထုတယ်။ တုံးကျော်ကို တနေ့က ထုတယ်။အောင်ဇေယျကိုသိမ်းပြီးတာနဲ့ မှန်တောကိုလည်း ဗုံးထပ်ကြဲသေးတယ်။ စစ်ကောင်စီဖက်က သေဆုံးစာရင်းနဲ့ လက်နက်ခဲယမ်းရရှိမှုကတော့ စာရင်းအတိကျ မသိရသေးပါဘူးဗျ” ဟု တမူးပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အောင်ဇေယျစခန်းသိမ်းတိုက်ပွဲအတွင်းKNA ရဲဘော် လတ်တင်ပေါင်(၂၅နှစ်) နှင့် တမူးခရိုင်ကာကွယ်ရေးတပ်သား ရဲဘော် ဝေယံဖြိုး(၂၂နှစ်) တို့ အသီးသီး ကျဆုံး၍ ၁၃ဦးဒဏ်ရာရကာ စစ်ကောင်စီအဖွဲ့မှ သေဆုံးစာရင်း အတိကျမသိရသေးဘဲ ဖမ်းဆီးရမိသည့် စစ်ကောင်စီပူးပေါင်းအဖွဲ့ဝင် ခြောက်ဦးကို နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်နေသည်ဟု သိရသည်။

အောင်ဇေယျကျေးရွာသည် တမူးမြို့မှ မိုင်၄၀ခန့်ကွာဝေးကာ တမူးမြို့နယ်နှင့် ဟုမ္မလင်းမြို့အစပ်တွင်တည်ရှိ၍ အိမ်ခြေ ၃၀၀ ခန့်ရှိ ရွာဖြစ်ပြီး စစ်ကောင်စီနှင့် အပေါင်းပါအဖွဲ့များ ခြေကုပ်ယူထားသည့် ကူကီးလူမျိုးစုနှင့် ဗမာလူမျိုးအများစု နေထိုင်ရာဒေသလည်းဖြစ်သည်။

ဧာတ်ပုံ- KNAB (Kuki National Army – Burma)
ပုံစာ_ အောင်ဇေယျစခန်းကိုKNA နှင့်တမူးကာကွယ်ရေးတပ်တို့ ပူးပေါင်းသိမ်ပိုက်ရရှိထားသည့်မှတ်တမ်
#တမူးမြို့နယ် #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက်
#ဒေသခံပြည်သူများ #သတိဝီရိယ #နှိုးဆော်
#Ayeyarwaddy_Times