နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၃ရက်

တနင်္သာရီတိုင်း မြိတ်ခရိုင် ပုလောမြို့မှ ပလောက်မြို့သို့ ထွက်ခွာလာသည့် စစ်ကောင်စီ ယာဥ်တန်းအား တော်လှန်ရေးတပ်ဖွဲ့များက ချုံခိုတိုက်ခိုက်ခဲ့ပြီး ကားကိုပါမိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး စစ်ကားတစ်စီး ပျက်စီးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်

ပုလောမြို့မှနေ၍ စစ်ကားသုံးစီးဖြင့် ထွက်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို ယမန်နေ့ ဒီဇင်ဘာ ၁၂ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်တွင် မိုင်းဆွဲတိုက်ခိုက်ရာ မိုင်းပေါက်ကွဲခြင်းမရှိ၍ လက်နက်ငယ်များဖြင့်ပစ်ခတ်ခဲ့ပြီးနောက် ထပ်မံမိုင်းဆွဲခဲ့ ကြောင်း သိရသည်။

“ပုလောမြို့ဘက်က ထွက်လာတဲ့ စစ်ကားတွေကို မိုင်းထောင်ပြီးတိုက်ခိုက်ခဲ့တာပါ။ မိုင်းကမအောင်တော့ လက်နက်ငယ်တွေနဲ့ အနီးကပ် ဝိုင်းပစ်ခဲ့တာ စစ်သား ခုနစ် ယောက် သေနတ်မှန်တယ်။ ဒုတိယအကြိမ် မိုင်းထပ်ဆွဲတော့ စစ်ကားတစ်စီးထိပြီး ပျက်စီး သွားတယ်” ဟု အမှတ် (၁)တပ်ရင်း (ပုလော) ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို ပုလောမြို့နယ်နှင့် (၇)မိုင်ခန့်အကွာတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် ခရီးသွားယာဥ်ကို တားစီး၍ ခရီးသည်များကို ဆွဲချကာ ခရီးသွားကားကို လုယူသွားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

” တနင်္သာရီတိုင်းမှာရှိတဲ့ ပြည်ထောင်စု လမ်းမကြီး တွေပေါ်မှာ အချိန်မရွေး တိုက်ပွဲတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါကြောင့် မလိုအပ်ဘဲ လမ်းမကြီးတွေပေါ် မသွားကြဖို့နဲ့ လမ်းမကြီးပေါ်သွားနေတဲ့ အရပ်သားပြည်သူတွေကို ဖမ်းဆီးရိုက်နှက်တာ ပစ္စည်းတွေကို လုယူတာတွေကိုပါ စစ်ကောင်စီတပ်ကလုပ်ဆောင်နေတာပါ။ မနေ့ကဆို Vigo ကားပေါ်က ခရီးသည်တွေကို ရိုက်နှက်ပြီးကားပေါ်ကဆွဲချတယ်။ ကားကိုပါ ယူပြီး ဒဏ်ရာရ စစ်သားတွေကို တင်သွားတယ်” ဟု မျက်မြင်တွေ့ရှိသည့် သေခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ ရက်နေ့က တနင်္သာရီတိုင်း မြိတ်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ ပျူစေားထီးအဖွဲ့ခေါင်ဆောင် အိမ်ရှေ့တွင် ပေါက်ကွဲမှု့တစ်ခု ဖြစ်ပွားခဲ့၍ စစ်ကောင်စီတပ်သည် လမ်းများကိုပိတ်ဆို့ ရှာဖွေခြင်းများ ပြုလုပ်ခဲ့ပြီး Dawei Watch သတင်းဌာနမှ သတင်းထောက် နှစ် ဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံများထံက သိရသည်။

ဓာတ်ပုံ-ဧရာ၀တီတိုင်းမ်
ပုံစာ-စစ်ကောင်စီကား မိုင်းဆွဲတိုက်ခိုက်ခံရစဉ်

#ပုလောမြို့ #ပလောက်မြို့ #စစ်ကောင်စီယာဥ်တန်း #ချုံခိုတိုက်ခိုက်ခံရ #စစ်ကားတစ်စီးပျက်စီး #ထိခိုက်ဒဏ်ရာရမှုရှိ #Ayeyarwaddy_Times