
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၃ ရက်
နိုင်ငံခြား ဝင်ငွေလိုအပ်နေသော စစ်ကောင်စီက ပြည်ပနိုင်ငံများတွင် အလုပ်လုပ် ကိုင်နေသော မြန်မာနိုင်ငံသားများ ဒီဇင်ဘာ ၁၂ ရက်နေ့မှ စတင်၍ ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို ပေးဆောင်ရမည်ဖြစ်ပြီး ဝင်ငွေခွန်ဆောင်ပြီးမှသာ နိုင်ငံကူးလက်မှတ် သက်တမ်း တိုးမြှင့်ပေးမည်ဟု စင်ကာပူနိုင်ငံရှိ စစ်ကောင်စီလက်အောက်ခံ မြန်မာ့သံရုံးက ယနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီက ပြည်ပရောက် နိုင်ငံသားများထံက ဝင်ငွေခွန်ကောက်ခံရာတွင် လစဉ် နှုန်းထားများ၊ နေထိုင်ခွင့်အမျိုးအစားပေါ် မူတည်၍ သတ်မှတ်နှုန်းထား အပေါ် ၂ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ကြောင်း ဆိုထားသည်။
ထို့ပြင် ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ လာရောက်ဆောင်ရွက်သည့် ကာလအထိ ဝင်ငွေခွန် ပေးဆောင်ပြီးမှသာ စင်ကာပူမြို့၊ မြန်မာသံရုံးတွင် နိုင်ငံကူး လက်မှတ်သက်တမ်း တိုးမြှင့်ခြင်းနှင့် ကောင်စစ်ဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း မြန်မာသံရုံးက ဆိုထားသည်။
လက်ရှိ စင်ကာပူနိုင်ငံတွင် ကျောင်းတက်၍ Student Pass ကိုင်ဆောင်ထားသူများက ကျောင်းထောက်ခံ စာများတင်ပြလျှင် ဝင်ငွေခွန်ပေးဆောင်မှုကင်းလွတ်ခွင့် ရရှိမည် ဖြစ်ပြီး အခွန်ထမ်းဆောင်သူများ၏ ဇနီး၊ ခင်ပွန်း၊ သားနှင့်သမီးတို့ပါဝင်သော အိမ်ထောင်စုစာရင်းတင်ပြနိုင်ပါက မှီခိုသူအဖြစ် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးနိုင် မည်ဖြစ်ကြောင်း စင်ကာပူမြို့ရှိ မြန်မာသံရုံး၏ ထုတ်ပြန်ချက်တွင်ပါဝင်သည်။
ထို့ပြင်ဒီဇင်ဘာ ၁၂ ရက်နေ့မတိုင်မီ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးကိစ္စ ဆောင်ရွက်ပြီး သူများ ဝင်ငွေခွန်ထမ်း ဆောင်နိုင်ရန် ထပ်မံကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီက ပြည်ပရောက်အလုပ်သမားများ ဝင်ငွေခွန်ပေးဆောင်ရန် တင်းကျပ် လိုက်ပြီးနောက်တွင် စင်ကာပူ နှင့် ထိုင်းနိုင်ငံရှိ OWIC ကိုင်ဆောင်ထားသူ အလုပ်သမားများထံမှ ဝင်ငွေခွန် ၂ ရာခိုင်းနှုန်းပေးဆောင်ရ တော့မည်ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီသည် ပြည်ပရောက်မြန်မာနိုင်ငံသားများ၏ လစာဝင်ငွေအပေါ်မှာ အခွန် ၂ ရာခိုင်နှုန်းပေးဆောင်ရန် နိုဝင်ဘာ ၁၁ ရက်နေ့တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနထုတ်ပြန်သည်။
နှစ်ပေါင်းသုံးဆယ်အတွင်း ပြည်ပနိုင်ငံများသို့ ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် (OWIC) ဖြင့် သွားရောက်အလုပ်လုပ်သူ လူဦးရေ ၁၆ သိန်းကျော် ရှိကြောင်း စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနထံက သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#စင်ကာပူနိုင်ငံ #မြန်မာနိုင်ငံသားများ #ဝင်ငွေခွန်ပေးဆောင် #နိုင်ငံကူးလက်မှတ် #သက်တမ်းတိုးမြှင့် #မြန်မာသံရုံးထုတ်ပြန် #Ayeyarwaddy_Times