ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာ ၁၃ ရက်

လတ်တလောတွေ့မြင်နေရသည့် သတင်းတချို့ကြောင့် မြန်မာပြည်သူများ စိုးရိမ် ပူပန်မှုများရှိနေသည့်အပေါ် သိရှိထားပြီး စိတ်မပူကြရန် ညီနောင်မဟာမိတ်သုံးဖွဲ့က ယမန်နေ့ ဒီဇင်ဘာ ၁၂ ရက်နေ့ တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ ဖိနှိပ်မှုဒဏ်ကို မျိုးဆက်တစ်ခုပြီးတစ်ခု ခံစားခဲ့ကြရသော မြန်မာပြည် သူလူထုတရပ်လုံးမှ မျှော်လင့်တောင့်တနေသည့် နိုင်ငံရေး ရည်မှန်းချက်များကို မိမိတို့အနေဖြင့် မည်သည့်အခါမှ လျစ်လျူရှုသွားမည် မဟုတ်သည့်အပြင် နောက်လှည့်၍သွားမည့်သူများ မဟုတ်ကြောင်း အသိပေးလိုက်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“မြန်မာပြည်သူလူထုတစ် ရပ်လုံးအနေဖြင့် စိုးရိမ်ပူပန်မှု များရှိနေသည်ကို မိမိတို့ အနေဖြင့် သိရှိရ၍ အဆိုပါကိစ္စရပ်အပေါ်များစွာ စိုး ရိမ်ပူပန်မှုမရှိကြစေရန် ပြောကြားလိုပါသည်။ ထို့အတူ မိမိတို့အနေဖြင့် ဘုံရည်မှန်းချက်အလုံးစုံ ပြည့်၀ သည်အထိ လုပ်သင့်လုပ်ထိုက်သည်များကို မြန်မာပြည်သူလူထုတစ်ရပ်လုံးနှင့် လက်တွဲကာလုပ်ဆောင် သွားဖြစ်ကြောင်းကိုလည်း လေးစားစွာအသိပေးအပ်ပါသည်” ဟု ညီနောင်မဟာမိတ်သုံးဖွဲ့က ဆိုထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့အနေဖြင့် ၁၀၂၇ စစ်ဆင်ရေး ကို ရည်မှန်းထားသည့်အတိုင်း စစ်ကောင်စီ၏စစ်စခန်းများ၊ ပြည်သူကိုဒုက္ခပေးနေသော လက်နက်ကြီး စခန်းကုန်း များကို တစ်ခုပြီးတစ်ခုတိုက်ထုတ်ရင်း ဆက်လက်ရွေ့လျားလျက်ရှိသည်။

မိမိတို့ တစ်ဖွဲ့ချင်းစီ၏ရည်မှန်းချက်နှင့် သုံးဖွဲ့၏စုပေါင်းရည်မှန်းချက်တို့ အတိုင်း အတာတစ်ခု အထိပြည့်၀‌ခဲ့သော်လည်း အလုံးစုံသော ရည်မှန်းချက်ပြည့်၀ရန် ကာလ တစ်ခုအထိ ဆက်လက်ကြိုးစားတိုက်ပွဲ၀င်ရဦးမည်ဖြစ်ကြောင်း ပြည်သူများကို အသိပေးထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် တရုတ်အကူအညီဖြင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နှင့် တွေ့ဆုံကာ အပစ်ရပ်ရေးဆွေး နွေးခဲ့ကြောင်း ဒီဇင်ဘာ ၁၁ ရက်နေ့ ညနေပိုင်းက ထုတ်ပြန်ခဲ့ရာ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး “၁၀၂၇ စစ်ဆင်ရေး” ကို ကြိုဆိုထောက်ခံကြသည့် ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်မှုများဖြစ်ပေါ်ခဲ့ကြသည်။

ထိုသို့ အပစ်ရပ်ရေးဆွေးနွေးခဲ့သည့် စစ်ကောင်စီသည် ‌၎င်းတို့ထုတ်ပြန်သည့်နေ့၌ပင် MNDAA ၏ ခံတပ်စခန်းတစ်ခုကို ခိုး၀င်တိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ ခြောက် ဦး ဒဏ်ရာရရှိပြီး တစ်ဦး သေဆုံးခဲ့ကြောင်း MNDAA က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- ညီနောင်မဟာမိတ်သုံးဖွဲ့၊ BPLA

#ညီနောင်မဟာမိတ်သုံးဖွဲ့ #စစ်ဆင်ရေးဆက်လက်ဖော်ဆောင်မည် #စစ်အာဏာရှင်အမြစ်ပြတ်ရေး #လျစ်လျူရှုမည်မဟုတ် #Ayeyarwaddy_Times