
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၃ ရက်
ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ ချောင်းတွင်းကျေးရွာရှိချောင်းကြီးစက်ဝန်းတွင် ဒီဇင်ဘာ ၁၁ ရက်နေ့ညနေပိုင်းက လူငယ်အမျိုးသား ကိုးဦးကို စစ်ကောင်စီနှင့်ရဲများက၀င်ရောက် ဖမ်းဆီးခဲ့ကြောင်းသိရှိရသည်။
၀င်ရောက်ဖမ်းဆီးရာတွင် လက်နက်၊ ဒရုန်းနှင့် ဆက်စပ်ပစ္စည်းများကို စစ်ကောင်စီတပ်မှသိမ်းဆည်း သွားကြောင်း ဒေသခံများကပြောသည်။
“ဘယ်လိုသတင်းရလဲမသိဘူး ကွက်တိ၀င်ဖမ်းတာ၊ ထင်တာတော့ စစ်တပ်က သတင်းပေးတွေ အကူအညီနဲ့ ထောင်ဖမ်းတယ်ထင်တာပဲ။ ဧရာ၀တီမှာ က စစ်တပ်ထောက်တိုင်တွေ နေရာတကာမှာရှိနေတယ်”ဟု ဒေသသံတစ်ဦးမှ ဧရာ၀တီတိုင်းမ်သို့ပြောသည်။
ဖမ်းဆီးခံရသူများမှာ ဖျာပုံမြို့အမှတ် (၁) ရပ်ကွက်နေ ထက်လင်းဆိုသူနှင့်အခြားလူငယ် ရှစ်ဦးဖြစ်ပြီး ပစ္စတို ၁ လက်၊ကျည်ဆံ ၁၀ တောင့်၊ဗုံးသီး ၂ လုံး၊ဒရုန်းဆက်စပ်ပစ္စည်း ၅ ခုနှင့်အခြားဖောက်ခွဲဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
အဆိုပါလူငယ်များဖမ်းဆီးခံရခြင်းနှင့် ပတ်သတ်ပြီး ဖျာပုံခရိုင်အတွင်းလှုပ်ရှားနေသော တော်လှန်ရေးအင်အားစုများဘက်မှ သတင်းထုတ်ပြန်ထားခြင်းမရှိသေးကြောင်းသိရသည်။
စစ်ကောင်စီတပ်နှင့် ရဲများမှဖမ်းဆီးထားသူ လူငယ်များကို ဖျာပုံ မြို့မရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးနေပြီး လက်နက်များနှင့် ပတ်သတ်၍ ရိုက်နှက်စစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရှိရသည်။
ဓာတ်ပုံ-စစ်ကောင်စီက သိမ်းဆည်းသွားသည့် ပစ္စည်းများ
#ဖျာပုံမြို့ #လူငယ်၉ဦး #လက်နက် #ဒရုန်းပစ္စည်းများနှင့်အတူ #ဖမ်းဆီးခံရ #Ayeyarwaddy_Times