
ဇလပ်ဖြူ/ ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၃ ရက်
စစ်ကိုင်းတိုင်းအထက်ပိုင်း တမူးမြို့နယ် အိန္ဒိယ – မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းပေါ်ရှိ ကျေးရွာများကို ဒီဇင်ဘာ၁၀ရက်နေ့ ည ၁၀နာရီဝန်းကျင်ခန့်တွင် စစ်ကောင်စီက လေကြောင်းဖြင့်တိုက်ခိုက်ခဲ့ရာ မှန်တောကျေးရွာရှိ လူနေအိမ်တစ်လုံးနှင့် စာသင်ကျောင်းတစ်ဆောင် မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံကသိရသည်။
ကူကီးအမျိုးသားတပ်တော် – ဗမာပြည် (Kuki National Army Burma-KNAB) နှင့် တမူးခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များသည် ဒီဇင်ဘာ၇ရက်နေ့မှစတင်ကာ အောင်ဇေယျစစ်တပ်စခန်းကို တိုက်ခိုက်ခဲ့ကြပြီး ဒီဇင်ဘာ၁၀ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ကာ အထိနာသွားသော စစ်ကောင်စီတပ်သည် ညနေ၅နာရီခန့်မှ စတင်၍ လေကြောင်းတိုက်ခဲ့ရာမှ မှန်တောကျေးရွာလူနေအိမ်တစ်လုံးနှင့် စာသင်ကျောင်းဆောင်တို့ ပျက်စီးသွားခဲ့ခြင်းဖြစ်သည်ဟု မှန်တော ဒေသခံတစ်ဦးက ပြောသည်။
“ကျွန်တော်တို့ရွာသားတွေက သနန်မှာတိုက်ပွဲစဖြစ်ကတည်းက ပြေးခဲ့ကြတာပါ။ အဲ့ဒီနေ့ညနေပိုင်းမှာ စကစက ရွာထဲ ကိုလေယာဥ်နဲ့ ပစ်တယ်ကြားလို့ အခြေနေသွား ကြည့်တော့ ကျွဲ၊နွား ၁၀ ကောင်ကျော် သေနေတာတွေ့တယ်။ ပြီးတော့အိမ်တစ်လုံးနဲ့မှန်တောရွာစာသင်ကျောင်းလေးလောင်နေလို့ မီးဝင်ငြိမ်းကြတာ။ မီးငြိမ်းနေတုန်း လေယာဥ်သံပြန်ကြားလို့ ပြန်ထွက်ပြေးခဲ့ရတာပဲ။ အခုတော့ ရွာထဲပြန်မဝင်ရဲသေးဘူး “ဟု မှန်တောရွာသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်နှင့် ၄င်းတို့ပူးပေါင်းအဖွဲ့ SNA ရှမ်းနီတပ်၊ UNLF ကသည်းတပ်နှင့် ပျူစောထီး အဖွဲ့တို့သည် ဒီဇင်ဘာ ၈ရက်နေ့ကလည်း တုံးကျော်ကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့၍ ဘာသာရေး အဆောက်အဦးနှစ်ခု အပါအဝင် လူနေအိမ် ၂၀ကျော် ပျက်စီးသွားကာ တုံးကျော်ဒေသခံပြည်သူ ၁၀၀၀ ကျော် ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ရသည်။
ပုံစာ – စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသောနေအိမ်
#စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #မှန်တော #တမူးမြို့နယ် #အိန္ဒိယနယ်စပ် #Ayeyarwaddy_Times