
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၃ ရက်
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်ရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူး၄၅ ဦးမှာ စစ်သင်တန်းတက်ရောက်ရန် အတင်းအကျပ်စေခိုင်းခံရမှုကြောင့်နှုတ်ထွက်စာတင်ထားသော်လည်း မြို့နယ်စစ်ကောင်စီမှ နှုတ်ထွက်ခွင့်မပြုသဖြင့် အခက်ကြုံနေရကြောင်း ရပ်ကျေးအုပ်ချုပ်ရေးမှူး အသိုင်းအဝန်းထံကသိရသည်။
ဟင်္သာတမြို့နယ်ရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို စစ်သင်တန်းတက်ရောက်ရန် ပြီးခဲ့သည့်ဒီဇင်ဘာလ ပထမအပတ်တွင် ညွှန်ကြားလာသည့်အတွက် ကျေးရွာအုပ်ချုပ်ရေးမှူး ၄၅ ဦးက မြို့နယ်စစ်ကောင်စီထံ နှုတ်ထွက်ခွင့် တင်ခဲ့ခြင်းဖြစ်ကြောင်း ရပ်ကျေးအုပ်ချုပ်ရေး အသိုင်းအဝန်းထံကသိရသည်။
“ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေမှန်သမျှ အကုန်စစ်သင်တန်းတက်ရမယ်။ ပြီးတာနဲ့ လိုအပ်ရင် ရှေ့တန်းကိုပို့ခံရမယ်ဆိုတော့ အဆင်မပြေတော့ဘူးလေ။ အခုက အုပ်ချုပ်ရေးမှူးဆိုတာနဲ့ လူတိုင်းက မကြည်ဘူးလေ။ အဲဒါကိုမှ စစ်သင်တန်းထပ်တက်ရမယ်ဆိုတော့ ထွက်ပြီး ကိုယ့်ဘာသာနေတာမှ အဆင်ပြေအုံးမယ်။ အဲတော့ရပ်ကျေးအုပ်ကြီးတွေ အကုန်နီးပါးထွက်စာတင်ကုန်တယ်”ဟုအမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးနှင့် နီးစပ်သူတစ်ဦးက
ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ နှုတ်ထွက်စာတင်သည့်ကိစ္စနှင့် ပတ်သက်၍ တိုင်းစစ်ကောင်စီမှ ခွင့်မပြုသည့်အတွက် လက်ရှိအချိန်အထိ တစ်ဦးမျှနှုတ်ထွက်ခွင့် မရသေးသည့်အပြင် နှုတ်ထွက်ခွင့်တင်ထားသူများကို မြို့နယ်စစ်ကောင်စီမှ စစ်ဆေးရန်ညွှန်ကြားထားကြောင်း စစ်ကောင်စီနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်ထံက သိရသည်။
“ နှုတ်ထွက်စာတင်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေကို အခုထိပေးမထွက်သေးဘူး။ တိုင်းကလည်းခွင့်မပြုဘူးဆိုတော့ထွက်မရဘူးပေါ့။ ထွက်စာတင်တဲ့သူတွေကို မြို့နယ်ကနေလျို့ဝှက်စစ်ဆေးဖို့တော့ ညွှန်ကြားခံထားရတယ်”ဟု မြို့နယ်စစ်ကောင်စီနှင့် နီးစပ်သည့်သတင်းအရင်းအမြစ်ကဆိုသည်။
ဟင်္သာတမြို့နယ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ၆ရက်နေ့ကစပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို ခလရ-၁၈ တွင် စစ်သင်တန်းတက်ရန် မြို့နယ်စစ်ကောင်စီမှ အမိန့်ပေးလာသည့်အတွက် အုပ်ချုပ်ရေးမှူးအချို့ တိမ်းရှောင်ထွက်ပြေးမှုများလည်း ရှိခဲ့ကြောင်း သိရသည်။
#ဟင်္သာတမြို့နယ် #ရပ်ကျေးအုပ်ချုပ်ရေးမှူး၄၅ ဦး
#နှုတ်ထွက်စာတင် #Ayeyarwaddy_Times