ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာ ၁၃ ရက်

ရန်ကုန်တိုင်းတွင်းရှိ မြို့နယ်လေးခုတွင် စစ်ကောင်စီက တပ်အင်အားဖြည့်ကာ အထိုင် ချ၍ ခံစစ်ပြုလုပ်ရန်ပြင်ဆင်နေကြောင်း ရန်ကုန်တိုင်းစစ်ဌာနချုပ်နှင့် နီးစပ်သူထံမှ သိရသည်။

ရန်ကုန်တိုင်းအတွင်းရှိ ပဲခူးရိုးမနှင့်ထိစပ်နေသည့် မှော်ဘီ၊ တိုက်ကြီး၊ အင်းတိုင်နှင့် လှည်းကူးမြို့နယ်များကို စစ်ကောင်စီမှ တပ်အင်အားဖြည့်ကာ အထိုင်ချ၍ ခုခံစစ် ပြုလုပ်ရန် စီစဉ်နေကြောင်း သိရသည်။

“ရန်ကုန်ကိုမ၀င်နိုင်အောင် အပေါက်တွေအကုန်ပိတ် ထားတယ်။ အစွန်အဖျားပိုင်းတွေကို ပိုသတိထားတယ်။ ကင်းပုန်းတွေချထားတယ်။ တပ်ရင်းအချို့ကို လည်း အကုန်အသင့် အနေအထားပဲ”ဟု ရန်ကုန်တိုင်း စစ်ဌာနချုပ်နှင့် နီးစပ်သည့်တပ်တွင်းသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထို့ပြင် မြို့ပေါ်တွင်နေထိုင်သူများ ဆူပူထကြွပါက ဖမ်းဆီးရန် ရဲတပ်ရင်း (၆) နှင့် အင်းတိုင်အထိုင်တပ်တွေက တာ၀န်ယူထားပြီး မှော်ဘီ၊ တိုက်ကြီးရှိ အထိုင်တပ်များ အားလုံးသည် ရှေ့တန်းမှလွဲ၍ ကျန်ရှိ သူအားလုံးမှာ အသင့်အနေအထားရှိနေသည်ဟု ၎င်းက ဆို သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ချင်းပြည် နယ်နှင့် ရခိုင်ပြည်နယ် အပါအဝင် တစ်နိုင်ငံလုံးရှိ တပ်ရင်းတပ်ဖွဲ့များကို တော်လှန်ရေး တပ်ဖွဲ့များက သိမ်းပိုက်နေသည့်အတွက် ကျန်ရှိနေသည့် နိုင်ငံတဝန်းလုံးမှ စစ်တပ် တပ်ရင်းတပ်ဖွဲ့များအားလုံးတွင် ခုခံစစ်အတွက် ပြင်ဆင်ထားမှုများကို အသေးစိတ် အစီရင်ခံစာ တင်ပြရန် စစ်ကောင်စီက ညွှန်ကြားထားကြောင်း သိရသည်။

“ရန်ကုန်မြို့က ရဲစခန်းတွေတိုင်းမှာ ကတုတ်ကျင်းတွေတူးထားတယ်။ ဘန်ကာတွေလည်း ဆောက်ထားကြတယ်။ ကတုတ်ကျင်းနဲ့ ဘန်ကာသာဆောက်နေကြတာ မိုးပေါ်က အချိန်မရွေးလာနိုင်မယ့် ဒရုန်းကို သူတို့မသိကြဘူး။ လုံခြုံရေးတွေလည်း ရဲစခန်းတိုင်းမှာ အပြည့်ချထားတယ် “ဟု စစ်ကောင်စီလက်အောက်ခံ Non CDM ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဒရုန်းဖြင့် ဗုံးကြဲပါက ခံနိုင်ရည်ရှိသော ကတုတ်ကျင်းများကို စစ်ကောင်စီ၏ တပ်ရင်း တပ်ဖွဲ့များအားလုံးတွင် တူးထားကြရန်၊ ၂၄ နာရီ ကင်းပုန်းများ ချထားကြရန်၊ တပ်ရင်း တပ်ဖွဲ့များကို တော်လှန်ရေးတပ်များ လာရောက်တိုက်ခိုက်ပါက ခုခံစစ်မှ ထိုးစစ်သို့ ပြန်လည်၍ ချက်ချင်းတန်ပြန် တိုက်စစ်ဆင်နိုင်ရန်၊ လက်နက်ခဲယမ်းများကို အမြဲတမ်း အသင့်ရှိနေရေး ပြင်ဆင်ထားရန် ညွှန်ကြားချက်များ ထုတ်ပြန်ထားသည်။

ယင်းထုတ်ပြန်ချက်များ ကို တပ်ရင်းတပ်ဖွဲ့များက လိုက်နာ ဆောင်ရွက်ခြင်း ရှိ၊ မရှိ အစီရင်ခံစာများကို ဓာတ်ပုံများနှင့်တကွ အထက်သို့ ပြန်လည်တင်ပြခိုင်းထားသည် ဟု တပ်တွင်းသတင်းရင်းမြစ်က ဆိုသည်။

စစ်ကောင်စီတပ်သည် နေရာစုံ၌ စစ်မျက်နှာဖွင့်ထားပြီး ၎င်း၏တပ်စခန်းများကို လက်လွှတ်ဆုံးရှုံးရကာ ထိခိုက်သေဆုံးမှုများနေပြီး မြို့ကြီးအချို့တွင် အင်အား အများအပြားဖြင့် ခံစစ်ပြင်ဆင်ဖွဲ့စည်းထားသည် ကို တွေ့ရသည်။

အဆိုပါမြို့များထဲတွင် ရန်ကုန်၊ မန္တလေး၊ နေပြည် တောနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ခံစစ်အနေအထား ပြင်ဆင်ဖွဲ့စည်းထားကြောင်း တပ် တွင်းသတင်းရင်း မြစ်ထံက သိရသည်။

ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ- စစ်တပ်လော်ဘီများ ဖြန့်ဝေထားသည့် ရန်ကုန်မြို့တွင်း စစ်ကောင်စီတပ် လှုပ်ရှားမှုများ (နိုဝင်ဘာ ၂၆ ရက်)
#ရန်ကုန်တိုင်းမြို့နယ်၄ခု #ခံစစ်အထိုင်ချရန် #စစ်ကောင်စီပြင်ဆင် #ရဲစခန်းများ #ကတုတ်ကျင်းတူး #Ayeyarwaddy_Times