နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၃ ရက်

တရုတ်၏ ကြားဝင်မှုကြောင့် စစ်ကောင်စီနှင့် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး လောက်ကိုင်တွင် ၁၅ ရက် အပစ်ရပ်ရန် သဘောတူညီမှု ရရှိထားသော်လည်း စစ်ကောင်စီဘက်က ရိုးသားခြင်းမရှိသကဲ့သို့ လက်နက်ကြီး၊ လေယာဉ်တို့ဖြင့်ပါ ဆက်တိုက်ပစ်ခတ် တိုက်ခိုက်နေကြောင်း လေ့လာသူများနှင့် တအာင်းတပ်မတော် (TNLA) က ထောက်ပြပြောဆိုသည်။

ယင်းအခြေအနေနှင့် ပတ်သက်၍ ကိုးကန့်တပ်မ‌တော် -MNDAA ကို အတည်ပြု မေးမြန်းနိုင်ရန် ဧရာဝတီတိုင်းမ် သတင်းဌာနမှ ယမန်နေ့ ဒီဇင်ဘာ ၁၂ ရက်၊ ညပိုင်းအထိ ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

“ဆွေးနွေးပွဲကိစ္စကတော့ ကျွန်တော်တော့ မသိရဘူး။ တကယ်ဟုတ်မဟုတ်ဆိုတာလည်း ကျွန်တော်မသိရသေးဘူး။ ဒါပေမယ့် လက်ရှိမှာတော့ အောက်ခြေမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတယ်။ တိုက်ပွဲနဲ့အတူ စစ်ကောင်စီဘက်က တောက်လျှောက် လက်နက်ကြီးတွေရော လေယာဉ်နဲ့ပါ တောက်လျှောက်ပစ်ခတ်မှုတွေ လုပ်တယ်။ ဒီနေ့အထိပေါ့” ဟု TNLA ပြောခွင့်ရ ဒုဗိုလ်မှူးကြီး တားအိုက် ကျော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

MNDAA သည် စစ်ကောင်စီတပ်နှင့် ၁၅ ရက်ကြာ အပစ်ရပ်ရန် သဘောညီမှုရှိသော်လည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁၁ ရက်က MNDAA ၏ ခံတပ်တစ်ခုကို နှစ်ကြိမ်တိုင်တိုင် ခိုးဝင် တိုက်ခိုက် လာသဖြင့် MNDAA တပ်ဖွဲ့ဝင် ခြောက် ဦး ဒဏ်ရာရရှိကာ တစ် ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“လောက်ကိုင်သိမ်းပိုက်ရေး ဆိုလို့ရှိရင် MNDAA ဘက်ကလည်း ကျမယ်၊ စစ်ကောင်စီဘက်ကလည်း အကျအရှုံးတွေ အများကြီးရှိမယ်။ အဲလိုအခြေအနေ အောက်မှာ ဘယ်ဘက်ကမှ မတိုက်ဘဲနဲ့ စစ်ကောင်စီရဲ့ တပ်မှူးတပ်သားတွေနဲ့ မိသားစုတွေကို လွှတ်ပေးဖို့ပေါ့ဗျာ။ အဲဒီအတွက် ၁၅ ရက်တာ စစ်မတိုက်ရေး ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ အဲဒါကို MNDAA က လက်ခံလိုက်ပါတယ်။ TNLA နဲ့ AA အဖွဲ့တွေ ကတော့ အဲဒီသဘောတူညီမှုမှာ ပါဝင်ခြင်း၊ ထောက်ခံခြင်း မပြုဘူးလို့ ပြောပါတယ်ခင်ဗျ” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

တရုတ်က မည်သို့ပင် ပြောဆိုစေကာမူ တိုင်းပြည်၏ ရှေ့ရေးသည် အာဏာသိမ်း စစ်ကောင်စီကသာ အဓိကဖြစ်ပြီး ၎င်းတို့အနေဖြင့် ရရှိထားသည့် နိုင်ငံရေး၊ စီးပွားရေး အာဏာများကို မည်မျှလျော့ပေးမည် ဆိုသည့်အပေါ် မူတည်နေကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ဧရာဝတီတိုင်းမ်ကို ပြောသည်။

“စစ်ကောင်စီကတော့ အခုချိန်အထိ ကျွန်မကြည့်ရတာ ရိုးသားတဲ့ပုံလည်း မရှိသေးဘူး။ သူတို့နောက်ဆုတ်မယ်ဆိုတဲ့ သဘောထားလည်း မရှိသေးဘူး။ အဲဒီတော့ ကျွန်မတို့က ကိုယ့်အလုပ်ကို ဆက် လုပ်ဖို့ပဲ ဗျ” ဟု ဒေါက်တာလှကျော်ဇောက ဆိုသည်။

တရုတ်ဘက်ကမူ ယခုဆွေးနွေးပွဲသည် အပြုသဘောဆောင်သော ရလဒ်များ ထွက်ပေါ်လာသကဲ့သို့ မြန်မာ နိုင်ငံမြောက်ပိုင်းက တင်းမာမှုမျာကို လျှော့ချခြင်းဖြင့် တရုတ်-မြန်မာ နယ်စပ် တစ်လျှောက် တည်ငြိမ်မှု ထိန်းသိမ်းရာတွင် အထောက်အကူဖြစ်စေကြောင်း ပြောဆိုထားသည်။

“အခုအပစ်အခတ် ရပ်စဲရေးတို့ဘာတို့က ကိုးကန့်တပ်ဖွဲ့ကို လောက်ကိုင် ပေးလိုက်ပြီးတော့ သူ(စစ်ကောင်စီ)အုပ်စီးမပျက်ကလေးပေါ့။ သူ့တပ်ကိုဆုတ်ပြီး အထိအခိုက်အကျအရှုံး များနေတာကို သူ့တပ်တွင်းမှာ အဖက်ဆယ်ဖို့ လုပ်ပြီးတော့ ပြန်စုစည်းမယ်နဲ့တူတယ်။ သို့မဟုတ်လည်း ကိုးကန့်ကို “ဝ”တို့၊ မိုင်းလားတို့လိုပဲ မင်းတို့ဟာမင်းတို့ နေဆိုပြီးတော့ ပေးလိုက်ပြီး သူ့ဘာသူ ပြည်မကြီးမှာပဲ တတ်နိုင်သမျှ သူ့အတွက် အရေးကြီးတဲ့ နေရာတွေမှာ သေချာခုခံဖို့ ပြင်ဆင်မလားဘာလား မပြောတတ်ဘူးပေါ့ဗျာ” ဟု ဒေါက်တာလှကျော်ဇောက ဆိုသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း တရုတ်အစိုးရ၏ ကြားဝင်ညှိနှိုင်းပေးမှုအရ စစ်ကောင်စီနှင့် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့တို့ မိုင်းလားမြို့တွင် တွေ့ဆုံခဲ့ပြီး မည်သည့်သဘောတူညီချက်မှ မရရှိ ဘဲ ဆွေးနွေးပွဲ ရပ်ဆိုင်းသွားကြောင်း သိရသည်။

“တရုတ်ကတော့ မြန်မာပြည်မှာရှိတဲ့ သူ့အကျိုးစီပွားတွေ ထိန်းသိမ်းနိုင်ဖို့အတွက် တကယ်တမ်း အာဏာရှိမယ့် အင်အားစုနဲ့ ပူးပေါင်းပြီးတော့ လုပ်ဆောင်နေတာပေါ့။ အဲဒီတော့ နွေဦးတော်လှန်ရေး အောင်သွားလို့ရှိရင်လည်း အောင်ပွဲရတဲ့ အင်အားစုနဲ့ ဆက်ပြီး ပူးပေါင်းဆောင်ရွက်သွားမှာပါ။ တရုတ်ရဲ့ သဘောထားကတော့ ဒါပါပဲ” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့ဖြစ်သည့် ကိုးကန့်တပ်မ‌တော် (MNDAA) ၊ တအာင်းတပ်မတော်(TNLA) ၊ ရက္ခိုင့်တပ်တော် (AA) တို့နှင့် နိုင်ငံရေးအရ ဖြေရှင်း ဆောင်ရွက်နိုင်ရန် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်ပြောဆို နေသော်လည်း ညီနောင်မဟာမိတ်သုံးဖွဲ့ဘက်ကမူ နိုင်ငံရေးရည်မှန်းချက်များကို ၎င်းတို့ အနေဖြင့် မည်သည့်အခါမှ လျစ်လျူရှု့သွားမည် မဟုတ်သည့်အပြင် နောက်လှည့်၍ သွားမည့်သူများ မဟုတ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

ဓာတ်ပုံ – စစ်ကောင်စီ
ပုံစာ – စစ်ကောင်စီ လက်အောက်ခံ NSPNC နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့ မိုင်းလားတွင် တွေ့ဆုံမှု

#တရုတ်ကြားဝင်မှု #လောက်ကိုင် #၁၅ရက်အပစ်ရပ်ရန်သဘောတူ #စစ်ကောင်စီရိုးသားမှုမရှိ #Ayeyarwaddy_Times