
ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာ ၁၂ ရက်
ထပ်တိုးအင်အားများအသုံးပြု၍ လုံခြုံရေးအထပ်ထပ်ဖြင့် ခရီးသွားလာနေသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နေ့ ဒီဇင်ဘာ ၁၀ ရက်နေ့က လားရှိုး မြို့သို့သွားရောက်ခဲ့ပြီး ၎င်း၏ခါးတွင် ပစ္စတိုချိတ်၍ထားသည်ကို တွေ့ရှိရသည်။
စစ်ခေါင်းဆောင်သည် ယမန်နေ့က ရှမ်းမြောက်၊ လားရှိုးမြို့ရှိ စစ်ဆေးရုံနှင့် မန်ဆူ ဘုန်းကြီးကျောင်းမှ စစ်ဘေးရှောင်များကို သွားရောက်တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာများတွင် ဖော်ပြထားသည်။
အဆိုပါ သွားရောက်မှုတွင် ၎င်းကိုလုံခြုံရေးယူပေးရန် အင်အားထပ်တိုး၍ လုံခြုံရေးပေး ထားရကြောင်းနှင့် စစ်ခေါင်းဆောင်အပြင် ၎င်းနှင့်လိုက်ပါလာသည့် စစ် ဗိုလ်ချုပ် အများစုတွင်လည်း ပစ္စတိုသေနတ်များ ခါးတွင်ချိတ် ထားသည်ကို တွေ့ရှိရသည်။
“အရေးကြီးအချိန်တွေမှာပဲ လက်နက်ကိုင်ဆောင်တာပါ။ စစ်ဆင်ရေးကာလလိုမျိုး အချိန်တွေပေါ့။ တော်ရုံ ခရီးစဉ်တွေမှာ ကိုင်လေ့မရှိဘူး။ ခုကတော့ သွားတဲ့တစ်ဖွဲ့လုံး ဆောင်ထားကြတယ်” ဟု စစ်ခေါင်းဆောင်၏ လမ်းကြောင်း လုံခြုံရေးယူပေးရသူနှင့် နီးစပ်သည့် အရာရှိတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ခေါင်းဆောင်သည် လားရှိုးရှိ စစ်ဆေးရုံနှင့် သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်သို့ သွားရောက်ရာတွင် ပစ္စတိုသေနတ်ကိုင်ဆောင်ထားသည်ကို တွေ့ရသော်လည်း စစ်ကောင်စီဝါဒဖြန့် သတင်းစာများတွင် ဖော်ပြထားသည့် ဓာတ်ပုံများတွင်မူ ခါးကြားမှ သေနတ်ကို ကွယ်ဖျောက်ထားသည်။
ယင်းရှမ်းမြောက်ဒေသတွင် တိုက်ပွဲပြင်းထန်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများကာ တပ်စခန်းအများအပြား လက်လွှတ်ဆုံးရှုံးမှုများရှိနေပြီး တစ်လနီးပါးအကြာတွင် စစ်ခေါင်းဆောင်ကိုယ်တိုင် ရှမ်းမြောက်သို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။
စစ်ခေါင်းဆောင်သည် စစ်ဘေးရှောင်များနှင့်တွေ့ဆုံစဉ် နယ်မြေဒေသတည်ငြိမ် အေးချမ်းမှု အမြန်ဆုံးရရှိရေးကို လုပ်ဆောင်ပေးသွားမည် ဟုပြောဆိုခဲ့ကြောင်း သိရသည်။
စစ်ခေါင်းဆောင်နှင့်အဖွဲ့သည် ရှမ်းမြောက်ခရီးစဉ်ကို နေ့ချင်းပြန်သွားရောက်ခဲ့ခြင်း ဖြစ်ပြီး ပြင်ဦးလွင်ကို ပြန်လည်ရောက်ရှိနေကာ ယနေ့နံနက် ပိုင်းတွင် ကျင်းပသည့် DSTA သင်တန်း ဆင်းပွဲကို တက်ရောက်ခဲ့ကြောင်း သိရသည်။
စစ်ခေါင်းဆောင် ထို့သို့ သွားရောက်ပြီးနောက် စစ်ကားများဖြင့် စစ်ကောင်စီတပ်သား အင်အားအများအပြားကို ရှမ်းမြောက်သို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း တပ်ထောက်ခံ ၀ါဒဖြန့် လော်ဘီ ချန်နယ်များတွင် တင်ထားသည်။
ပုံစာ- စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရှမ်းမြောက်ခရီးစဉ်တွင် တွေ့ရစဉ် (ဒီဇင်ဘာ ၁၀ ၊ ၂၀၂၃)
#စစ်ခေါင်းဆောင် #ခါးကြားတွင်သေနတ်ဆောင် #လုံခြုံရေးအပြည့်ယူ #ရှမ်းမြောက်သွား #Ayeyarwaddy_Times