
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၂ ရက်
ကရင်နီ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအနေဖြင့် လက်ရှိ တိုက်ပွဲများဖော်ဆောင် နေသည့် စစ်ဆင်ရေးကို အပြီးသတ်တိုက်ပွဲအဖြစ် ရည်ရွယ်ထားသည့်အတွက် စစ်ကောင်စီလက်အောက်ခံ တပ်သား၊ ရဲ၊ ဝန်ထမ်းများမှာ ပြည်သူ့အစိုးရဘက်သို့ ဘက်ပြောင်းနိုင်ရန်အတွက် ဘက်ပြောင်းရေးအစီအစဉ်တွင် ပါဝင်ကြရန် ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီက(IEC) က ထုတ်ပြန်ထားသည်။
ဘက်ပြောင်းရေးအစီအမံတွင် စစ်ကောင်စီအုပ်ချုပ်မှုအောက်မှ ပြည်သူ့အစိုးရ အုပ်ချုပ်မှုအောက်သို့ နည်းမျိုးစုံဖြင့်ပူးပေါင်းပါဝင်နိုင်ပြီး ဘက်ပြောင်းချင်သူများ အနေနှင့် “ဘက်ပြောင်ရေးအစီအမံ စီမံကြီးကြပ်ရေးလုပ်ငန်းကော်မတီ” ကို ဆက်သွယ် နိုင်ပြီး ဘက်ပြောင်းလာသူများ၏ ရာထူး၊ ဂုဏ်သိက္ခာနှင့် လုံခြုံရေးတို့ကို အာမခံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ဒီဘက်ပြောင်းတဲ့ အစီအမံဆိုတာက အဖွဲ့ဆိုတာထက် IEC အနေနဲ့ ကရင်နီပြည်မှာ ရှိတဲ့တော်လှန်ရေးတပ်ပေါင်းစုံတွေနဲ့ ဘက်ပြောင်းရေးအစီအမံကို ဆိုလိုတာ ဖြစ်ပါတယ်။ အဖွဲ့ဆိုတာထက်ပူးပေါင်းဆောင်ရွက်တယ့် အစီအမံလေးတစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် ကရင်နီပြည်အတွင်းမှာ စစ်ကောင်စီလက်အောက်မှာ ရှိနေကြတဲ့ တပ်သား ကနေစပြီးတော့မှ အဆင့်ဆင့်သော တာ၀န်ရှိသူတွေအပြင် ရဲဘက်မှာ တာ၀န် ထမ်းဆောင်နေတဲ့ သူတွေအားလုံးအနေနဲ့ စစ်ကောင်စီရဲ့အောက်ကနေ ရုန်းထွက် ပြီးတော့မှ ဘက်ပြောင်းဖို့အစီစဉ်မှာပါ၀င်ပေးဖို့ဆိုတဲ့ဟာ ဖြစ်ပါတယ်” IEC အထွေထွေ အတွင်းရေးမှူး ခူးပလုရယ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဘက်ပြောင်းလာသည့် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များကို အနာဂါတ်တွင် နိုင်ငံ့တာဝန်များ ပြန်လည်ထမ်းဆောင်ခွင့်ရရှိရန် စီမံပေးသွားမည်ဖြစ်ပြီး ရှေ့တန်းတွ င်ရောက်ရှိနေသည့် တပ်ဖွဲ့ဝင်များ လက်နက်ချအညံ့ခံပါကလည်း အသက်ရှင်ခွင့်၊ မိသားစုနှင့်ဆက်သွယ်ခွင့်၊ အနိမ့်ဆုံးပြစ်ဒဏ်ခံယူပြီးပါက လွတ်လပ်စွာ လူမှုဘဝ ထူထောင်ခွင့်များ ရရှိမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
အဆိုပါ ဘက်ပြောင်းရေးအစီအစဥ်အတွင်း ကရင်နီပြည်နယ်ရှိ တော်လှန်ရေး တပ်ဖွဲ့များသည် နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေများကို လိုက်နာရန်၊ စစ်သုံ့ပန်းများကို အသက်ရှင်ခွင့်ပေးရန်၊ တားမြစ်စစ်လက်နက်များမသုံးရန်တို့ပါဝင်ပြီး စစ်ကောင်စီတပ် သားများအနေဖြင့် ကရင်နီပြည်နယ်ရှိတပ်ဖွဲ့များ၏ ဖမ်းဆီးချုပ်နှောင်ခြင်းခံရပါက ကရင်နီ အက်ဥပဒေအရ အသက်ရှင်ခွင့်တောင်းခံနိုင်ကြောင်း ထုတ်ပြန်ထားသည်။
“အဓိကကတော့ ဘက်ပြောင်းပြီးတော့မှ လိုအပ်တဲ့ညှိနှိုင်းမှုတွေ သူတို့အတွက်လိုအပ်တဲ့ အာမခံပေးမှုတွေအပြင် ရှေ့ဆက်ဆောင်ရွက်သွားမယ့် အစီအစဉ်အချို့ကိုလည်း ချထား တာတွေရှိပါတယ်။ ဒီအနေထားမျိုးနဲ့ တော်လှန်ရေးတပ်ပေါင်းစုံတွေအပြင် ပြည်သူတွေနဲ့ ပူးပေါင်းပြီးတော့မှ လာမယ့်အနာဂတ်မှာ ပြန်ပြီးတော့တည်ဆောက်မှု လုပ်ငန်းတွေမှာ သူတို့လည်း ပြန်ပြီးတော့ ပါ၀င်လာနိုင်တဲ့ အနေထားမျိုးကို လမ်းဖွင့်ပေးတာမျိုး ဖြစ်ပါတယ်။ အဲ့တာကြောင့်ဒီအစီစဉ်လေးကို ဆောင်ရွက်ရခြင်းဖြစ်တယ်” ဟု အထွေထွေအတွင်းရေးမှူး ခူးပလုရယ်က ဆက်လက်ပြောကြားသည်။
ဘက်ပြောင်းရေးအစီအစဉ်ကို IEC နှင့် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး NUG၊ NUCC အပါအဝင် ဥပဒေကြောင်းအရ ညှိနှိုင်းရန်လိုသည့် မည်သည့်အဖွဲ့နှင့်မဆို ပူးပေါင်းဆောက်ရွက်သွားမည်ဖြစ်ပြီး ဘက်ပြောင်းရေးအစီအမံတွင် အကျုံးမဝင်သည့် စစ်ကောင်စီတပ်သားများကိုမူ အာဏာရှင် တော်လှန်ရေး အစီအမံအတိုင်း အရေးယူသွားမည်ဖြစ်ကြောင်း IEC ထံက သိရသည်။
ဓာတ်ပုံ – IEC၊ KNDF
ပုံစာ – ကရင်နီတပ်ဖွဲ့များကထိန်းသိမ်းထားသည့် တပ်သားနှင့် Non CDM ဝန်ထမ်းများ။
#ကရင်နီ #ဘက်ပြောင်းရေးအစီအမံ #စစ်ကောင်စီလက်အောက်ခံ #တပ်သား #IEC #Ayeyarwaddy_Times