ဧရာဝတီတိုင်းမ်
(ချင်း)၊ ဒီဇင်ဘာ ၁၂ ရက်

ချင်းပြည်နယ်ရှိ မြို့နယ်အသီးသီးတွင် နိုဝင်ဘာလ၊ လကုန်ပိုင်းမှ စတင်၍ စက်သုံးဆီပြတ်လပ်မှုကို ကြုံတွေ့နေကြရပြီး မြို့နယ်တချို့တွင် တစ်လီတာ ခုနစ် ထောင် (၇,၀၀၀) နှုန်းဖြင့် ဝယ်ယူနေရကြောင်းဒေသခံများထံက သိရသည်။

ဓာတ်ဆီဝယ်ယူနိုင်သော မြို့နယ်တချို့တွင် တစ်ဦးလျှင် ၂ လီတာနှုန်းအကန့် အသတ် ဖြင့်သာ ဝယ်ယူနေရပြီး တချို့မြို့နယ်များတွင် အိန္ဒိယဘက်မှတဆင့် ဝယ်ယူအသုံးပြု နေရကြောင်းသိရသည်။

“မတူပီမှာတော့ ဓာတ်ဆီတွေ ဝယ်မရတော့ဘူး။ အခုသုံးနေတဲ့ ဓာတ်ဆီတွေကတော့ ယခင်က ဂါလံလိုက်ဝယ်ယူပြီး ထားထားတဲ့ဟာပါ။ ရှိတဲ့သူတွေဆီမှာလည်း ၁ လီတာ ဖြစ်ဖြစ်ဝယ်ယူဖို့ အကူအညီတောင်းတာလည်း ခုချိန်မရဘူးပေါ့နော်။ မြို့အဝင်/အထွက် လည်း ပိတ်ဆို့ထားတော့ ဝယ်ယူနိုင်တဲ့ ကျေးလက်ဒေသဘက်ကိုလည်း သွားလို့ မရဘူး”ဟု မတူပီမြို့၊ ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အိန္ဒိယနယ်စပ်နှင့် နီးစပ်သည့် လိုင်လင်းပီမြို့၊ ရေဇွာမြို့နှင့် တချို့မြို့နယ်များတွင် အိန္ဒိယနိုင်ငံဘက်မှ ဆိုင်ကယ်ဖြင့်သယ်ယူ၍ ကျေးလက်ဒေသအထိ ဝယ်ယူသုံးစွဲ လျက်ရှိသည်။

ထို့ပြင် ချင်းပြည်နယ်၏ မြို့တော်ဟားခါးမြို့တွင်လည်း စက်သုံးဆီနှင့် ဓာတ်ဆီ ပြတ်လပ်မှုကြုံနေရပြီး စက်သုံးဆီနှင့် ဓာတ်ဆီဆိုင်များပိတ်ထားရကြောင်း သိရသည်။

“ဓာတ်ဆီတွေပြန်ရတော့မယ်ဆိုပြီး နိုဝင်ဘာလကနေ သတင်းတွေထွက်နေပေမယ့် အခုထိ လုံးဝမရဘူးဖြစ်နေတယ်ပေါ့နော်။ ပြည်သူတွေကလည်း ဘယ်လိုနည်းနဲ့ ဓာတ်ဆီဝယ်နိုင်မလဲဆိုတာပဲ စဥ်းစားနေကြတယ်” ဟု ဟားခါးမြို့၊ ဒေသခံအမျိုးသား တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်တွင် စက်သုံးဆီပြတ်လပ်မှုများကို မကြာခဏ ကြုံတွေ့နေရပြီး လက်ရှိဓာတ်ဆီပြတ်လပ်မှုသည် အဆိုးဝါးဆုံးဖြစ်ကြောင်း သိရသည်။

ချင်းပြည်သူများအနေဖြင့် ကုန်စည်စီးဆင်းမှုပြတ်လပ်မှုကြောင့် ဓာတ်ဆီအပြင် ဆန်နှင့် အခြားစားနပ် ရိက္ခာပြတ်လပ်မှု ဒဏ်ကိုလည်း မကြာခဏကြုံတွေ့နေရကြောင်း သိရသည်။

ဓာတ်ပုံ-ပုံအဟောင်း

#ချင်းပြည်နယ် #မြို့နယ်တိုင်း #စက်သုံးဆီပြတ်လပ်နေ #ဒေသခံများ #ဓာတ်ဆီဝယ်မရ #Ayeyarwaddy_Times