
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၂ ရက်
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ရှင်းလက်ဝကျေးရွာရှိ စစ်ကောင်စီ၏ တပ်စခန်း ကုန်းတွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတို့ နှစ်ဖက်အပြိုင်အလှန် ပစ်ခတ် မူဖြစ်ပြီး တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများထံက သိရသည်။
မြန်မာ-အိန္ဒိယနယ်စပ်ရှိ ပလက်ဝမြို့နယ်ထဲက စစ်ကောင်စီ၏ ရှင်းလက်ဝတပ်စခန်းကို ရက္ခိုင်တပ်တော်(AA)က ယမန်နေ့ ဒီဇင်ဘာ ၁၁ ရက်နေကစ၍ တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း အထိနာများသည့် စစ်ကောင်စီသည် လက်နက်ကြီးများ ပစ်ကူပေးပြီး ဂျက်လေယဥ်ဖြင့် အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
” မနေ့က ရှင်းလက်ဝ စစ်ကောင်စီတပ်စခန်းကို AA တက လာတိုက်တာပါ။ စစ်သားတွေရဲ့ စခန်းမရောက်ခင် ဘေးပတ်လည်မှာ ထောင်ထားတဲ့ မိုင်းနင်မိပြီး အဲ့မှာဘဲ အပြိုင်လှန်ပစ်ခတ်မူတွေ ဖြစ်တယ်။ ပစ်ခတ်မူ တစ်နာရီကြာမှာတော့ လက်နက်ကြီးတွေ ဆက်တိုက်ပစ်သံကြားတယ်။ စစ်တပ်က လေယာဥ်နဲ့လည်း ဗုံးကြဲတိုက်ခိုက်တယ်။ ဒီမနက်ထိ တိုက်ပွဲက ဖြစ်နေတုန်းပါ” ဟု ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီ၏ ရှင်းလက်ဝ တပ်စခန်းကုန်းသည် အင်အား ၂၀၀ ကျော်ဖြင့် အခိုင်မာတပ်စွဲထားသည့် တပ်စခန်းဖြစ်ပြီး နှစ်ဖက်တိုက်ပွဲ ပြင်းထန်လျက်ရှိကာ ယနေ့ ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ရက္ခိုင့်တပ်တော်(AA)က စက်လှေနှစ်စီးဖြင့် တပ်အင်အား ထပ်မံ ဖြည့်တင်းထားပြီး တိုက်ပွဲများဆက်လက်ပြင်းထန်နေကြောင်း သိရသည်။
ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီ၏ နှုံးဘူး ဗျူဟာကုန်းအား ရက္ခိုင့်တပ်တော်(AA)သည် တစ်လနီးပါးကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက် ရယူနိုင်ခဲ့သည်။
အဆိုပါ ဗျူဟာကုန်းတိုက်ပွဲတွင် စစ်ကောင်စီ၏ နှုံးဘူး ဗျူဟာမှူး အလောင်းအပါအဝင် ရန်သူ့အလောင်းအချို့၊ လက်နက်ခဲယမ်းအမြောက်အမြားတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ဒီဇင်ဘာ ၁၁ ရက်နေ့တွင် AA က ထုတ်ပြန်ထားသည်။
အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာ ၄ ရက်နေ့ကလည်း စစ်ကောင်စီ၏ တရွန်အိုင် ဗျူဟာကုန်းလည်း ရက်ပေါင်း ၂၀ ကျော်ကြာ တိုက်ခိုက်ပြီးမှ စခန်းကုန်းတစ်ခုလုံးအား ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်နိုင်ခဲ့သည်။
ပုံစာ- ရှင်းလက်ဝရွာ
#ချင်းပြည် #ပလက်ဝ #စစ်ကောင်စီ #ရှင်လက်၀တပ်စခန်း #ရက္ခိုင့်တပ်တော် #တိုက်ပွဲပြင်းထန်နေ #Ayeyarwaddy_Times