
နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၂ရက်
မန္တလေးတိုင်း၊ နွာထိုးကြီးမြို့နယ်၊ မြို့သာလမ်းပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များက ရှောင်တခင်စစ်ဆေးမှု ပြုလုပ်နေစဉ် ဝက်လူးရွာရဲစခန်းမှ စစ်ကောင်စီလက်အောက်ခံ ဒုရဲအုပ်တစ်ဦး အစစ်ဆေးမခံဘဲ ထွက်ပြေး၍ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။
တော်လှန်ရေးတပ်ဖွဲ့များသည် ယမန်နေ့ ဒီဇင်ဘာ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ကျော်ခန့်က မြို့သာလမ်းပိုင်းကို စစ်ဆေးမှုများပြုလုပ်နေစဉ် ဝက်လူးရွာရဲစခန်းမှ ဒုရဲအုပ် ကျော်ဆန်းဝင်း၏ ဆိုင်ကယ်ကို တားဆီးစစ်ဆေးရာ ရပ်ပေးခြင်းမရှိဘဲ ထွက်ပြေး၍ ပစ်ခတ်ခဲ့ရာတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“လမ်းပိုင်း စစ်ဆေးနေတဲ့အချိန်မှာ ဆိုင်ကယ်တစ်စီးက မောင်းလာပြီး မသင်္ကာလို့ရပ်တန့် ခိုင်းတာကို မရပ်ပေးဘဲ မောင်းပြေးလို့ ပစ်ခတ်ခဲ့တာပါ။ ဖြစ်တဲ့နေရာမှာပဲ သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားတယ်” ဟု (NPDF)မြင်းခြံခရိုင် တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
သေဆုံးခဲ့သူ ဒုရဲအုပ် ကျော်ဆန်းဝင်း၏ ဆိုင်ကယ်အား စစ်ဆေးရှာဖွေမှုများ ပြုလုပ်ရာတွင် ဆိုင်ကယ်တူးဘောက်စ် အတွင်းမှ ဒုရဲအုပ်သင်တန်းဆင်းလက်မှတ်များ၊ မှုခင်းဆိုင်ရာသင်တန်းဆင်းလက်မှတ်များနှင့်အတူ ၎င်းကိုင်ဆောင်သည့် လက်ကိုင်ဖုန်း တစ်လုံးကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း NPDF တော်လှန်ရေးတပ်ဖွဲ့ဝင် ထံက သိရသည်။
ဝက်လူးကျေးရွာရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဒေသခံများအပေါ် မတရား ဖမ်းဆီး၍ ငွေကြေးတောင်းယူမှုများပြုလုပ်ခြင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အတူ ကျေးရွာများ ကို ဝင်ရောက်စီးနင်း၍ ဒေသခံများကို ညှင်းပန်း နှိပ်စက်ခြင်းများ ပြုလုပ် လေ့ရှိကြောင်း ဒေသခံများထံက သိရသည်
ဓာတ်ပုံ-(NPDF)မြင်းခြံခရိုင်
ပုံစာ-ဒုရဲအုပ်ကျော်ဆန်းဝင်း
#နွာထိုးကြီးမြို့နယ် #မြို့သာလမ်းပိုင်း #တော်လှန်ရေးတပ်ဖွဲ့များစစ်ဆေး #ထွက်ပြေး #ဒုရဲအုပ်ပစ်ခတ်ခံရသေဆုံး #Ayeyarwaddy_Times