
ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာ ၁၂ ရက်
စစ်ကောင်စီထံ စစ်လက်နက်တင်သွင်းသည့် ကုမ္ပဏီ ၂ ခုအပါအဝင် ဒုဗိုလ်ချုပ်ကြီး ညိုစော၊ ဦး၀ဏ္ဏမောင်လွင်၊ ဒေါက်တာမှုထန် နှင့် ဗိုလ်ချုပ်လှမိုးတို့ကို ဥရောပသမဂ္ဂ (EU) က ယမန်နေ့ ဒီဇင်ဘာ ၁၁ ရက်နေ့က ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်ကြောင်း ထုတ်ပြန် ခဲ့သည်။
EU က ပိတ်ဆို့လိုက်သည့် လူပုဂ္ဂိုလ်လေးဦးမှာ စစ်ကောင်စီ၏ အရေးကြီး စီးပွားရေး လုပ်ငန်းဖြစ်သည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC)ဥက္ကဋ္ဌ ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီးညိုစော၊ စစ်ကောင်စီ၏နိုင်ငံခြားရေး၀န်ကြီး(ဟောင်း) ဦး၀ဏ္ဏမောင်လွင်၊ စစ်ကောင်စီအဖွဲ့၀င်ဒေါက်တာမှုထန် နှင့် ကရင်နီပြည်နယ်အတွင်း လေကြောင်း တိုက်ခိုက်မှုများတွင် အဓိကတာ၀န်ရှိသူ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် လှမိုး တို့ဖြစ်သည်။
ထို့အပြင် အရေးယူပိတ်ဆို့ခံရသည့် ကုမ္ပဏီနှစ်ခုမှာ Star Sapphire Group Of Companies နှင့် Royal Shune Lei Company Limited တို့ဖြစ်ကြောင်း ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါကုမ္ပဏီများသည် စစ်ကောင်စီအတွက် ၀င်ငွေ ရှာပေးနေသည့်အပြင် Royal Shune Lei Company Limited သည် MI-8 စစ်ရဟတ်ယာဉ် အစိတ်အပိုင်းများ တစ်ဆင့်ခံ၀ယ်ယူပေးနေပြီး Star Sapphire Group Of Companies ကုမ္ပဏီသည် စင်္ကာပူအခြေစိုက်ဖြစ်ပြီး စစ်လက်နက်များနှင့် ဆက်စပ်ပစ္စည်းများပါ တင်သွင်းနေသည့် လက်နက်ပွဲစားများဖြစ်ကြောင်း သိရသည်။
ယခုအရေးယူခံရသူများအနေဖြင့် ၎င်းတို့၏ငွေကြေးနှင့် အခြားပိုင်ဆိုင်မှု၊ စီးပွားရေး လုပ်ငန်းများကို ပိတ်ဆို့အရေးယူ သိမ်းဆည်းသွားမည်ဖြစ်ပြီး ဥရောပနိုင်ငံတွင်း ခရီးသွားလာခွင့်ကိုလည်း ပိတ်ပင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
Star Sapphire Group Of Companies ၏ အမှုဆောင် ဒါရိုက်တာ ထက်အောင်သည် နိုင်ငံခြားရေးဒု၀န်ကြီးနှင့် သယ်ယူပို့ဆောင်ရေး ဒုတိယ၀န်ကြီးဖြစ်ခဲ့သည့် EU ၏ ပိတ်ဆို့ အရေးယူဒဏ်ခတ်ခြင်းကိုခံခဲ့ရသည့် ဗိုလ်မှူးချုပ်ဟောင်း ဇင်ယော်၏သားဖြစ်သည်။
ပုံစာ-ဒုဗိုလ်ချုပ်ကြီး ညိုစော၊ ဦး၀ဏ္ဏမောင်လွင်၊ ဒေါက်တာမှုထန် နှင့် ဗိုလ်ချုပ်လှမိုး
#EU #စစ်ကောင်စီအဖွဲ့၀င် #လူပုဂ္ဂိုလ်၄ဦး #ပိတ်ဆို့အရေးယူ #ဒုဗိုလ်ချုပ်ကြီးညိုစော #ဦး၀ဏ္ဏမောင်လွင် #ဒေါက်တာမှုထန် #ဗိုလ်ချုပ်လှမိုး #Ayeyarwaddy_Times