ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာ ၁၂ ရက်

တရုတ်အစိုးရ၏ အကူအညီဖြင့် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့နှင့် ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြောင်း စစ်ကောင်စီဘက်မှ ကြေညာခဲ့သော်လည်း ညီနောင်မဟာမိတ်သုံး ဖွဲ့မှ စစ်အာဏာရှင် စနစ်ချေမှုန်းအမြစ်ဖြတ်ရေးအတွက် တစ်ရက်မှမနားဘဲ အရှိန် အဟုန်မပြတ် ဆောင်ရွက်နေကြောင်း ယမန်နေ့ ဒီဇင်ဘာ ၁၁ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်သည်။

စစ်ကောင်စီသည် ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်သည့် MNDAA၊ TNLA နှင့် AA တို့နှင့် ယမန်နေ့ ဒီဇင်ဘာ ၁၁ ရက်နေ့က တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲ တိုးတက်မှုအခြေအနေအပေါ် မူတည်၍ ယခုလကုန်တွင် နောက်တစ်ကြိမ်ထပ်မံ၍ ဆွေးနွေးသွားမည်ဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားထားသည်။

စစ်ကောင်စီက ဆွေးနွေးမှုများရှိခဲ့သည်ဟု ပြောကြားခဲ့သော်လည်း ညီနောင်မဟာမိတ် သုံးဖွဲ့သည် ရှမ်းမြောက်နှင့် ရခိုင်ပြည်နယ်တို့တွင် တိုက်ပွဲများ ဆက်လက်ဖော်ဆောင်နေပြီး စစ်ကောင်စီတပ် စခန်းကုန်းများကို တိုက်ခိုက်သိမ်းပိုက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် ၁၀၂၇ စစ်ဆင်ရေးစတင်ချိန်က ရည်မှန်းချက်အတိုင်း စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် ဆက်လက်ဆောင်ရွက်နေသည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့က ဆိုထားသည်။

ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်း လေးခုနှင့် ချင်းပြည်နယ် ပလက်၀ရှိ စစ်ကောင်စီ တပ်စခန်းတစ်ခုတို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ယမန်နေ့ ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင် ၁၀၂၇ စစ်ဆင်ရေး ၄၆ ရက်နေ့အဖြစ် တိုက်ပွဲသတင်းများကို စုစည်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး စစ်ဆင်ရေးစတင်သည့် အချိန်ကတည်းက ထုတ်ပြန် ထားသည့် စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်များ ပြည့်၀စေရန်နှင့် မြန်မာပြည်သူ လူထုတစ်ရပ်လုံး လိုလားသော စစ်အာဏာရှင်အမြစ်ပြတ်ရေးအတွက် မိမိတို့ ညီနောင် မဟာမိတ်သုံးဖွဲ့သည် တစ်ရက်မျှ ရပ်နားခြင်းမရှိဘဲ အရှိန်အဟုန်မပြတ် ဆင်နွှဲလျက်ရှိကြောင်း ပြောကြားထားသည်။

အလားတူ ကိုးကန့်တပ်မတော် MNDAA ၏ ပြောရေး ဆိုခွင့်ရှိသူ လီကျား၀င်းကလည်း “ပြည်သူလူ ထုတစ်ရပ်လုံး စိတ်ချထားပါ။ ကျွန်တော်တို့ ညီနောင်မဟာ မိတ်သုံးဖွဲ့အနေနဲ့ နွေဦးတော်လှန်ရေး အောင်ပွဲရရှိသည်အထိ အတူတကွပူးပေါင်းပါ၀င်သွားမှာပါ” ဟု နို၀င်ဘာ ၂ ရက်နေ့က ပြောကြားခဲ့သည်။

ဓာတ်ပုံ-မြောင်ပိုင်းညီနောင်မဟာမိတ်
ပုံစာ – ဒီဇင်ဘာ ၁၁ ရက်နေ့က သိမ်းဆည်းရမိခဲ့ သည့် နမ့်ဆန်ရဲစခန်းမှ လက်နက်ခဲယမ်း များ
#ရှမ်းမြောက် #ညီနောင်မဟာမိတ်၃ဖွဲ့ #စစ်ကောင်စီ #တွေ့ဆုံဆွေးနွေး #တိုက်ပွဲများဆက်လက်ဖော်ဆောင် #Ayeyarwaddy_Times