ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ဒီဇင်ဘာလ ၁၂ ရက်

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ရဲစခန်းက ဒုရဲအုပ် လိုက်ပါလာသည့် ကား မိုင်(၆၀)ရွာ အနီးတွင်ပစ်ခတ်ခံခဲ့ရပြီး ကားပေါ်ပါ ရဲအရာရှိ အပါအဝင် သုံးဦးစလုံး သေဆုံးခဲ့ပြီး သေနတ်သုံးလက်ပါ ဆုံးရှုံးခဲ့ကြောင်း ရဲသတင်းရင်းမြစ်များနှင့် ဒေသခံများထံက သိရသည်။

ကလိန်အောင်မြို့ ရဲစခန်းက စခန်းမှူးနှင့် အဖွဲ့ပါသည့် ကားနှစ်စီးသည် ယနေ့ ဒီဇင်ဘာ ၁၂ ရက်နေ့ ၊ နံနက် ၈နာရီ၃၀မိနစ်ခန့်က မလွဲတောင်တွင် ဖမ်းဆီးထားသည့် မူးယစ်ဆေးများ သွားရောက်သယ်ယူစဉ် ထားဝယ် -ရန်ကုန် ကားလမ်းမပေါ်က မိုင် (၆၀) ကျေးရွာအနီးတွင် ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်းသိရသည်။

“မလွဲတောင် မှာဖမ်းဆီးထားတဲ့ မူးယစ်ဆေးတွေကိုသွားသယ်တာ။ ကလိန်အောင် ရဲစခန်းက စခန်းမှူးက ကားတစ်စီး။ နယ်ထိန်း ဗိုလ်လေးကား က တစ်စီး။ အားလုံး နှစ်စီးပေါ့။ နယ်ထိန်းကားက အရှေ့ကင်္သားတယ်။ စခန်းမှူးပါတဲ့ကားက အနောက်ကပေါ့။ အရှေ့ကားကိုပစ်နေတဲ့အချိန် စခန်းမှူးကားက နောက်ပြန်လှည့်သွားလို့ လွတ်သွားတယ်။ ဒုရဲအုပ်မောင်းလာတဲ့ ကားပေါ်က ရဲအားလုံးသေသွားတယ်။ ကားပေါ်မှာက နှစ်ယောက် သေနေတယ်။ ရေမြောင်းထဲမှာကတစ်ယောက်သေနေတယ်” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

သေဆုံးသွားသည့် စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်များမှာ နယ်ထိန်း ဒုရဲအုပ် နိုင်မင်းအောင်၊ တပ်ကြပ် ကြီး မောင်နုနှင့် ရဲတပ်သားအဆင့်ရှိသူတို့ ဖြစ်ကြောင်း သိရသည်။

သေဆုံးသွားသည့် ရဲတပ်ဖွဲ့ဝင်များ၏ အလောင်းများကို စစ်ကောင်စီတပ်က သွားရောက်ကောက်ယူ ပေးခြင်းမရှိ၍ မိသားစုဝင်များကိုယ်တိုင် သွားရောက်၍ အလောင်းကောက်ယူကာ ကလိန်အောင်မြို့ ဆေးရုံသို့ သယ်ယူလာခဲ့ရကြောင်း ဒေသခံများထံက သိရသည်။

“အလောင်း ကိုဘယ်သူမှ သွားမကောက်ပေးကြဘူး။ ကြောက်လို့တဲ့။ တပ်ကြပ်ကြီး မောင်နုမိန်းမ နဲ့ သူ့ယောက်ဖတွေ သေတဲ့နေရာအထိ လိုက်ပြီး အလောင်းသွားသယ် လာခဲ့ကြရတယ် ။အခုတော့ မောင်နု အလောင်းကိုခွဲစိတ်ပြီး ဆေးရုံကနေသူ့အိမ်ကို ပြန်သယ်လာလိုက်ပြီ။ ကျန်တဲ့ဒုရဲအုပ်အလောင်းနဲ့ ရဲတပ်သားအလောင်းကတော့ ရဲစခန်းထဲမှာပဲ” ဟု မိသားစုနှင့် နီးစပ်သူများက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ ပစ်ခတ်မှုကို အမည်မသိ လက်နက်ကိုင်အဖွဲ့များက ထားဝယ်-ရန်ကုန် ကားလမ်းမပေါ်တွင် နှစ်ဖက်ညှပ်၍ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများထံကသိရသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် ကားတစ်စီး ထိခိုက်ပျက်စီးခဲ့ပြီး ရဲတပ်ဖွဲ့ဝင် သုံးဦးသေဆုံးကာ သေနတ် သုံးလက်နှင့် ဖုန်းတစ်လုံးတို့ ဆုံးရှုံးခဲ့ရကြောင့် ရဲသတင်း ရင်းမြစ်များထံက သိရသည်။

ဓာတ်ပုံ – သေဆုံးသူ တပ်ကြပ်ကြီး မောင်နု

#ကလိန်အောင်မြို့ရဲစခန်းက #ဒုရဲအုပ် #ကားပစ်ခတ်ခံရ #ရဲတပ်ဖွဲ့ဝင်၃ဦးသေဆုံး #သေနတ်၃လက်ဆုံးရှုံး #Ayeyarwaddy_Times