ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာ ၁၂ ရက်

ချင်းပြည်နယ်၊ ပလက်၀မြို့နယ်ရှိ စစ်ကောင်စီ၏ နှုံးဘူးဗျူဟာကို ရက္ခိုင့်တပ်တော်(AA) က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး ဗျူဟာမှူးအလောင်းနှင့်အတူ လက်နက်ခဲယမ်းများပါ သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

နှုံးဘူးဗျူဟာစခန်းကို ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ်ခန့်က သိမ်းပိုက်ခဲ့ပြီး ဗျူဟာမှူးလောင်းအပါအ၀င် စစ်ကောင်စီတပ်ဖွဲ့အလောင်းများနှင့် လက်နက်များကို သိမ်းဆည်းရမိခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA) က ဆိုထားသည်။

“အဲဒီဗျူဟာကုန်းက ဗျူဟာမှူးက ဗိုလ်မှူးကြီးဗညားပိုင်စိုးပါ။ ဒရော့ဗုံးထိပြီးသေတယ်လို့ ကြားတယ်။ နောက်ဆုံးအချိန်ထိ ခံတိုက်နေတာလို့ သတင်းပေးပို့ချက်အရ သိရပါတယ်” ဟု စစ်ရုံးချုပ်နှင့်နီးစပ်သည့် တပ်တွင်းသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကိုပြောသည်။

နှုံးဘူးဗျူဟာကုန်းအပါအ၀င် တရွန်အိုင်ဗျူဟာကုန်း စခန်းနှစ်ခုလုံးသည် စစ်ကောင်စီမှ အင်အားအများအပြားဖြင့် အခိုင်အမာစခန်းချထားသည့် ဗျူဟာကုန်းများဖြစ်ပြီး ယင်းဗျူဟာကုန်း နှစ်ခုလုံးကို AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ တရွန်အိုင်ဗျူဟာကုန်းကို နို၀င်ဘာ ၁၄ ရက်နေ့မှစတင်ပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ၂၁ ရက်အကြာ ဒီဇင်ဘာ ၄ ရက်နေ့တွင် အပြီးသတ်သိမ်း ပိုက်နိုင်ခဲ့ပြီး အပြီးသတ်သိမ်းပိုက်ရန်ကျန်ရှိသည့် နှုံးဘူးဗျူဟာကုန်းကို ဒီဇင်ဘာ ၁၀ ရက်နေ့ ည ၁၁ နာရီကျော်ခန့်တွင် အပြီးသတ်သိမ်းပိုက်နိုင်ယူနိုင်ခဲ့ကာ ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်စခန်းများ ကိုလည်း ဆက်လက်သိမ်းပိုက် ရယူနိုင်ရေးအတွက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

အလားတူ စစ်ကောင်စီတပ်၏ ဘူးသီးတောင်၊ ရသေ့တောင်၊ မင်းပြား၊ မြောက်ဦး၊ အမ်း၊ မြေပုံမြို့နယ်အတွင်းရှိ စခန်းအချို့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ယနေ့ ၁၂ ရက်နေ့ နံနက် ၈ နာရီမှ စတင်ပြီး ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်နေကြောင်း AA ကထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ၎င်းတို့လက်လွှတ်ခဲ့ရသည့် နှုံးဘူးဗျူဟာကုန်း အနီး၀န်းကျင်ကို လေကြောင်းမှ လာရောက်ပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး ပလက်၀ဒေသရှိ စစ်ကောင်စီတပ်စခန်း အချို့မှလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်း ပစ်ခတ်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ-ရက္ခိုင့်တပ်တော်AA
#ချင်းပြည်နယ် #ပလက်၀ #စစ်ကောင်စီ# ဗျူဟာကုန်း #နှုံးဘူးစခန်းသိမ်းပိုက်ခံရ #ဗျူဟာမှူးသေဆုံး #AA #Ayeyarwaddy_Times