
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၂ ရက်
စစ်ကောင်စီက လယ်ယာစိုက်ပျိုးသီးနှံ ထွက်ကုန်များ တင်ပို့နိုင်ရေးဦးစားပေး ဆောင်ရွက်မည်ဖြစ်ပြီး ပို့ကုန်ရငွေ (export earning) ပြန်လည်ရရှိရေး ကြီးကြပ် မည်ဖြစ်ကြောင်း စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြောကြားသည်။
နေပြည်တော်၌ ယမန်နေ့ ဒီဇင်ဘာ ၁၁ ရက်နေ့က ကျင်းပသည့် စစ်ကောင်စီ၏ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများမှန်ကုန်မြန်ဆန်ရေး ဗဟိုကော်မတီအစည်းဝေးတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိကာလသည် ဆန်ထွက်ရာသီဖြစ်၍ ဆန်တင်ပို့အများဆုံးရှိပြီး အိန္ဒိယသို့ မတ်ပဲနှင့် ပဲတီစိမ်းလက်ကျန်တင်ပို့မှုများရှိကြောင်း ပဲကုန်သည်တစ်ဦးထံက သိရသည်။
” ပဲက အချို့ဒေသတော့ပေါ်နေပြီ။ အကုန်မပေါ်သေးဘူး။ အဟောင်းနဲ့အသစ်ကြားကာလ ဖြစ်နေတာ။ စစ်ကောင်စီပြောသလို ပဲအပေါ်မှီလို့ရ၊ မရမသိဘူး။ အခုဟာက စိုက်ပျိုးနိုင် တဲ့နေရာ ဘယ်လောက်ရှိလဲမသိဘူးသေး။ ထင်သလောက်လည်းမစိုက်နိုင်ကြဘူး ” ဟု ပဲကုန်သည်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီအနေဖြင့် ပြည်ပပို့ကုန် ဆန်၊ ပဲ၊ ပြောင်း၊ နှမ်းနှင့် ရာဘာများအပါအဝင် အဓိကပို့ကုန်အမယ်များ တင်ပို့နိုင်ရေး အဓိကထားဆောင်ရွက်နေပြီး ပို့ကုန်တင်ပို့မှုမှ ရရှိသည် ပို့ကုန်ရငွေများကို သတ်မှတ်ချက်များအတိုင်း ပြန်လည် ပေးဆောင်ရမည် ဖြစ်ကြောင်း စစ်ကောင်စီဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ဆိုသည်။
လက်ရှိ နယ်စပ်ဒေသကုန်သွယ် လမ်းကြောင်းရှိရာနေရာများတွင် စစ်ကောင်စီနှင့် ပြည်သူ့တော် လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားလျက်ရှိသဖြင့် ကုန်သွယ်ရေး လမ်းကြောင်းသည် ပုံမှန်အနေအထားတွင် မရှိကြောင်း ကုန်သည်များထံက သိရသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ လယ်ယာထွက်ကုန်များ ပဲတင်ပို့ရာတွင် ပင်လယ်ရေကြောင်းမှ အဓိကတင်ပို့ပြီး နယ်စပ်မှတင်ပို့လျက်ရှိကြောင်း စစ်ကောင်စီလက်အောက်ခံ ကုန်သွယ်ရေး ဦးစီးဌာနထံက သိရသည်။
၂၀၂၃ – ၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်နေ့မှ ဒီဇင်ဘာ ၁ ရက်နေ့ထိ ပင်လယ်ရေကြောင်းမှ ပဲမျိုးစုံ တန်ချိန် ၉ သိန်းကျော် အမေရိကန်ဒေါ်လာ ၇၇၉ ဒသမ ၂၀၆ သန်းနှင့် နယ်စပ်မှ တန်ချိန် တစ်သိန်းကျော် အမေရိကန်ဒေါ်လာ ၁၁၆ဒသမ ၂၀၇ သန်း တင်ပို့နိုင်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက ဆိုသည်။
ထို့ပြင် ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်အတွက် ဆန်တင်ပို့မှုတွင် ဆန်တန်ချိန် ၂ဒသမ ၅ သန်းတင်ပို့ကာ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၁,၀၀၀ ရရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းတွင်စစ်ကောင်စီက ဘဏ်များအတွက် နိုင်ငံခြားငွေလဲလှယ်နှုန်းထား သတ်မှတ်ချက်ကိုပယ်ဖျက်လိုက်ပြီး ပို့ကုန်ရငွေထဲမှာ ၃၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်ငွေလဲနှုန်းထားဖြင့် လဲလှယ်ရမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။
နိုင်ငံခြားဝင်ငွေလိုအပ်နေသော စစ်ကောင်စီသည် စင်္ကာပူရောက် မြန်မာများကို ဝင်ငွေခွန် စတင်ကောက်ခံမည်ဖြစ်ကြောင်း ယမန်နေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် စင်္ကာပူနိုင်ငံရှိ စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#စစ်ကောင်စီ #ပို့ကုန်ရငွေပြန်လည်ရရှိရေး #ကြပ်မတ် #ပို့ကုန်တင်ပို့နိုင်ရေးဦးစားပေး #ပဲမျိုးစုံ #ဆန် #Ayeyarwaddy_Times