
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၂ ရက်
ဧရာ၀တီတိုင်း ပုသိမ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ စစ်ကောင်စီ တပ်ကြပ်ကြီးအဆင့်ရှိသူတစ်ဦး လာရောက်ချိတ်ဆက်၍ အလင်း၀င်ခဲ့ကြောင်း ပကဖ တာ၀န်ရှိသူထံက သိရသည်။
“သူက အနောက်တောင်တိုင်းစစ်ဌာနချုပ် ရဲ့ စစ်လက်နက်တပ်ဆင်ရေးတပ်က တပ်ကြပ်ကြီးစာရေးတစ်ဦးဖြစ်ပါတယ်။ဒီဇင်ဘာလ ၈ရက် နေ့ညမှာ အလင်း၀င်ဖို့ ကျွန်တော်တို့ကိုချိတ်ဆက်တဲ့အတွက် သူရဲ့ကိုယ်ရေးရာဇ၀င် အချက်အလက်ကိုစိစစ်ပြီးတော့ ဒီဇင်ဘာလ၉ရက်နေ့ မနက်မှာစတင်လက်ခံပြီး ၁၀ရက်နေ့မှာ လွတ်မြောက်နယ်မြေကိုရောက်အောင်ခေါ်ခဲ့တယ်။ အခုဆို CDM နဲ့သက်ဆိုင်တဲ့ ဌာနကိုပို့ဆောင်ပေးခဲ့ပါပြီ”ဟု ပုသိမ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ခံ ကိုစစ်ရန်ရှင်းက ဧရာ၀တီတိုင်းမ်ကိုပြောသည်။
အလင်း၀င်လာသည့် တပ်ကြပ်ကြီးသည် ပုသိမ်မြို့၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ရှိ စစ်လက်နက်ပစ္စည်းတပ်၊ စ. န . ခ(၄၄၄) မှဖြစ်ပြီး အမည်အရင်း အပါအ၀င်အချက်အလက်များနှင့်ပတ်သက်၍ ကျန်ခဲ့သော မိသားစု၀င်များ၏ လုံခြုံရေးအရ မဖော်ပြခြင်း ဖြစ်ကြောင်း ပကဖ တာ၀န်ခံက ဆိုသည်။
ပုသိမ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့် စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့၀င်များ CDM ပြုလုပ်ခြင်းကို ချိတ်ဆက်ကူညီပေးခဲ့ပြီး တစ်နှစ်အတွင်း စစ်ကောင်စီတပ်သားနှင့် ရဲတပ်ဖွဲ့၀င်စုစုပေါင်း ခုနှစ်ဦး အထိရှိပြီဖြစ်ကြောင်း သိရသည်။
#ပုသိမ်မြို့နယ် #ပြည်သူ့ကာကွယ်ရေးအဖွဲ့ #စစ်ကောင်စီ #တပ်ကြပ်ကြီးအဆင့်ရှိသူ #CDM #Ayeyarwaddy_Times