
ဧရာဝတီတိုင်းမ်
(ကနီ)၊ ဒီဇင်ဘာ ၁၂ ရက်
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ကနီမြို့ပေါ်မှ အလယ်ကျွန်း(ပျူစောထီးကျေးရွာ) သို့ ရိက္ခာပို့လာသည့် စစ်ကြောင်းကို ယမန်နေ့ ဒီဇင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ကျောက်လုံးကြီး KLG PDF နှင့်ပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့သည့်အပြင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ကနီမြို့ပေါ်မှ စစ်ကောင်စီတပ်သား၊ ရဲများပါဝင်သည့် အင်အား ၈၀ ပါစစ်ကြောင်းသည် အလယ်ကျွန်း(ပျူရွာ)သို့ လှည်းနှစ်စီးဖြင့် ရိက္ခာများတင်ဆောင်၍ စစ်ကြောင်းထိုး လာစဉ် နှစ်ပွိုင့်ခွဲကာ ကြိုတင်စောင့်ဆိုင်း ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး အနီးကပ်တိုက်ပွဲ တစ်နာရီဝန်းကျင်အတွင်း မျက်မြင်တွေ့ရှိချက်အရ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါး ဦးသေဆုံးခဲ့ကြောင်း KLG PDF ထံက သိရသည်။
“ငါးယောက် သေပြီး အနည်းဆုံး တစ်ယောက် ဒဏ်ရာရတာကိုလည်း အတည်ပြုနိုင် ပါတယ်။ အခုက ပျူရွာကို စစ်သားတွေက စစ်ကြောင်းနဲ့မှ ရိက္ခာပို့ရဲတာ။ အဲ့ဒီရွာမှာက ပျူစောထီး၊ စစ်သား၊ ရဲ စုစုပေါင်း ၁၀၀ ကျော်ရှိတယ်။ အခုတော့ ရိက္ခာပို့တဲ့ စစ်ကြောင်းက အဲ့ဒီကိုရောက်သွားပြီ” ဟု ကျောက်လုံးကြီး KLG PDF တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် တိုက်ပွဲဖြစ်ပွားပြီးနောက် ပြန်လည်ဆုတ်ခွာသွားသည့် တော်လှန်ရေးတပ်ဖွဲ့များ နောက် လိုက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ တော်လှန်ရေးတပ်ဖွဲ့များက ထောင်ထားသည့် မိုင်းများနင်းမိပြီး ထပ်မံ၍ ငါးဦး ထက်မနည်းသေဆုံးနိုင်သော်လည်း အတည်ပြုနိုင်ခြင်းမရှိကြောင်း KLG PDF ကဆိုထားသည်။
အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၁၊ ၂၂၊ ၂၃ KLG PDF – ကျောက်လုံးကြီး နှင့် ယင်းမာပင်ခရိုင်တပ်မဟာတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။
ကနီမြို့နယ်တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်နေ့ကလည်း မုံရွာ-ကလေးဝ လမ်းပိုင်းရှိ စစ်ကောင်စီတပ်၏ အရေးပါသည့် ဆက်သွယ်ရေးစခန်းတစ်ခုကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက စခန်းသိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့ကြောင်း KLG PDF က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – KLG PDF –
ပုံစာ- KLG PDF ကျောက်လုံးကြီး တပ်ဖွဲ့ဝင်များ။
#ကနီ #ရိက္ခာပို့ #စစ်ကောင်စီစစ်ကြောင်း #တိုက်ခိုက်ခံရ #စစ်ကောင်စီတပ်ဖွဲ့ဝင် #၅ ဦးထက်မနည်းသေဆုံး #PDF #Ayeyarwaddy_Times