ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာ ၁၁ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်ရှိ စစ်ကောင်စီတပ်၏ မြို့မရဲစခန်းအပါအဝင် တပ်စခန်းလေးခုကို တအာင်းတပ်မတော် TNLA မှ သိမ်း ပိုက်ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ယနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့ နံနက် ၅ နာရီခန့်တွင် လွယ်ဆိုင်တပ်စခန်းနှင့် နမ့်ဆန်မြို့မရဲစခန်းတို့ကိုပါ တိုက်ပိုက်သိမ်းနိုင်ခဲ့ပြီး လားရှိုးမြို့နယ်၊ အီနိုင်းကျေး ရွာရှိ စစ်ကောင်စီ၏ကင်းစခန်ကို ယနေ့နံနက် ၃ နာရီ ၀န်းကျင်က သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ယမန်နေ့ ဒီဇင်ဘာ ၁၀ ရက်နေ့ ညနေ ၃ နာရီ ၂၀ မိနစ် ခန့်က နမ့်ဆန်မြို့နယ်၊ နမ့်ခေးကျေးရွာရှိ စစ် ကောင်စီတပ်၏ ကဒိုင်းဖူးတောင်တပ်စခန်းကို TNLA မှ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီး လက်နက်ကြီးများကိုပါ သိမ်းဆည်းရရှိခဲ့သည်ဟု ဓာတ်ပုံများနှင့်သတင်းထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ပွဲတွင် ၆၀ မမ၊ ၈၀ မမ အပါအ၀င် လက်နက်မျိုးစုံ ၁၉ လက်၊ ကျည်မျိုးစုံနှင့် စစ်အသုံး ဆောင်ပစ္စည်းများကို ရရှိခဲ့ကြောင်းနှင့် ဒီဇင်ဘာ ၁၀ ရက်နေ့ ည ၈ နာရီ ၅၀ မိနစ်အချိန်ခန့်တွင်လည်း သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာ ဘက်တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

စစ်ကောင်စီတပ်အနေဖြင့် နမ့်ခမ်းမြို့နယ်၊ စခန်းသစ်ကုန်းဘက်ကို ယနေ့ နေ့လည် ၁၂ နာရီ၄၅ မိနစ်ခန့်က ဂျက်ဖိုက်တာဖြင့် လေးကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နံနက် ၉ နာရီခန့်ကလည်း ပေါင် ၅၀၀ ဗုံးဖြင့် နှစ်ကြိမ် ကြဲချခဲ့ကြောင်း သိရသည်။

#ရှမ်းပြည်မြောက်ပိုင်း#နမ့်ဆန်#လားရှိုး#စစ်ကောင်စီ#မြို့မရဲစခန်း#TNLA#လက်နက်များရရှိ
#Ayeyarwaddy_Times