နွေဦးမောင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၁ရက်

ကရင်ပြည်နယ်ရှိ မြဝတီ-ကော့ကရိတ် အာရှကားလမ်းမကြီးကို ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့များမှ ထိန်းချုပ်ထားပြီဖြစ်ကြောင်း တော်လှန်ရေး တပ်ဖွဲ့များထံက သိရသည်။

စစ်ကောင်စီတပ်များသည် အဆိုပါ ကားလမ်းမကြီးကို အသုံးပြု၍ စစ်တပ်အင်အားဖြည့်တင်းခြင်း၊ လက်နက် ခဲယမ်းနှင့် ရိက္ခာဖြည့်တင်းမှုများ လုပ်ဆောင်နေခြင်းကြောင့် ထိန်းချုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“ဒီဇင်ဘာ ၉ ရက်နေ့ကတည်းက လမ်းမတလျှောက်ကို နယ်မြေ ရှင်လင်းတာတွေ ပြုလုပ်နေတာပါ။ ခရီးသွားယာဥ်နဲ့ကုန်တင်ကားတွေကို စစ်ဆေးပြီး လမ်းပိုင်းမှာ စစ်ကောင်စီနှင့် ပတ်သက်တဲ့ ပစ္စည်းတွေ သယ်ဆောင်ခြင်းကို ခွင့်မပြုတော့ပါဘူး။ လမ်းပိုင်း လုံခြုံရေး ကိုပါ တင်းတင်းကျပ်ကျပ်လုပ်ဆောင်နေပါတယ်” ဟု မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

လက်ရှိ အဆိုပါ လမ်းပိုင်းကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေး ဝန်ကြီးဌာန (MOD) လက်အောက်ခံ တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ် ထားခြင်း ဖြစ်ပြီး လုံခြုံရေးပိုင်းကိုလည်း ကျားသစ်နက် စစ်ကြောင်းနှင့် ပူးပေါင်းမဟာမိတ် တပ်ဖွဲ့များက တာဝန်ယူဆောင်ရွက်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်ထံက သိရသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ ည ၉ နာရီကျော်လောက်ခန့်က ကော့ကရိတ်မြို့ပေါ်ကို လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ လူနေအိမ် ခြောက်လုံးထိခိုက် ပျက်စီးကာ အိမ် သုံးလုံးမီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

#မြဝတီကော့ကရိတ် #အာရှလမ်းပိုင်း #တော်လှန်ရေးတပ်ဖွဲ့ထိန်းချုပ် #Ayeyarwaddy_Times